ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို မတ်လ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေး၌ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကား ပြောကြားရာတွင် -
- ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အစမှ အဆုံးအထိရငွေများကို လျာထားသည့်အတိုင်းရရှိရေးနှင့် သုံးငွေများကိုလည်း လျာထားသည့်အတိုင်း သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး ၊ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အသုံးစရိတ်များ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အသုံးစရိတ်များ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက်အသုံးစရိတ်များစသည့်ပိုမိုလိုအပ်သောကဏ္ဍများအတွက် ဦးစားပေး လျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း။
- အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအသုံးစရိတ်များကို စိစစ်သုံးစွဲပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမည့် အသုံးစရိတ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုသည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် လက်ငင်းအကျိုးရှိပြီး ဘက်စုံအကျိုးသက်ရောက်စေမည့် အသုံးစရိတ်များကို အဓိကထားခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကိုလည်းကောင်း၊ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍လည်းကောင်း အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုးရေးမွေးမြူ ရေးလုပ်ငန်းများကို အခြေခံပြီး ဒေသအလိုက်ထုတ်ကုန်များကိုထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကိုတိုးမြှင့်၍ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း။
- အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် MSME လုပ်ငန်းများကို အခြေခံ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း။
- ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်ရာတွင် Mass production များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုသာမက သား၊ ငါးမွေးမြူရေးကဏ္ဍများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို သုံးစွဲရာတွင် အကျိုးရှိထိရောက်စွာအသုံးချကြစေလိုကြောင်း၊ ရငွေများ အပြည့်အဝရရှိစေရေး အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
- ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီဥတုနှင့် အခြားအခြေအနေများအရ ယခင်ဘဏ္ဍာရေးနှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထားကြောင်း။
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဝန်ကြီးဌာနများက နယ်မြေအခြေ အနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံသည့် ပိုလျှံငွေများမှ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးကိစ္စတို့၌ အထူးကိစ္စတစ်ရပ်အနေဖြင့် လွှဲပြောင်းသုံးစွဲခွင့်ပြုထားပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ ပေးသည့်ငွေအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်က ကောက်ခံရရှိသည့် ရငွေများကို ပြည့်ပြည့်ဝဝရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များသည် အရအသုံးညီမျှသည့် ဘက်ညီ ဘတ်ဂျက်ပုံစံနှင့် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ရငွေပြည့်ပြည့်ဝဝရရှိမှသာ သုံးငွေကိုလည်း ပြည့်ပြည့်ဝဝ သုံးစွဲနိုင်မည်ဖြစ်ကြောင်းကို သတိပြုစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၃-၂၀၂၄)
- အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအသုံးစရိတ်များကို စိစစ်သုံးစွဲပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲကြရန်လို။
- MSME လုပ်ငန်းများကို အခြေခံ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်ရမည်ဖြစ်။
- ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီဥတုနှင့် အခြားအခြေအနေများအရ ယခင်ဘဏ္ဍာရေးနှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထား။
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဝန်ကြီးဌာနများက နယ်မြေအခြေ အနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် “အထွေထွေပိုလျှံရန်ပုံငွေ”(GRF) သို့ ပြန်လည်အပ်နှံသည့် ပိုလျှံငွေများမှ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးကိစ္စတို့၌ အထူးကိစ္စတစ်ရပ်အနေဖြင့် လွှဲပြောင်းသုံးစွဲခွင့်ပြုထားပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရန်လို။
- တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များသည် အရအသုံးညီမျှသည့် ဘက်ညီ ဘတ်ဂျက်ပုံစံနှင့် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ရငွေပြည့်ပြည့်ဝဝရရှိမှသာ သုံးငွေကိုလည်း ပြည့်ပြည့်ဝဝ သုံးစွဲနိုင်မည်ဖြစ်ကြောင်းကို သတိပြုစေလို။
Add new comment