ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲ

ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် မတ်လ ၁၈ ရက်တွင် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော မိုင်းကာတွဲ အပါအဝင် စက်ခေါင်းနှင့်အတူ စက်ခေါင်းနောက်ကပ်လျက်ရှိသည့် ကုန်တင်တွဲ (၆) တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါမိုင်းခွဲဖျက်ဆီးမှုကြောင့် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၈၁) အဆန်လူစီးရထားတွင် လိုက်ပါလာသည့် ခရီးသည် ၄၄၉ ဦးအား မော်တော်ယာဉ် ၇ စီး ဖြင့် သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့ပြီး အမှတ် (၈၂) အစုန်ရထားဖြင့် မော်လမြိုင်ဘက်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။ အမှတ် (၈၂) အစုန်ရထားတွင် လိုက်ပါလာသည့် ခရီးသည် ၄၄၁ ဦးအား အမှတ် (၈၁) အဆန်ရထားဖြင့် ရန်ကုန်သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထား လမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း            (၅၂) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင် ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ                      ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၃-၂၀၂၄)

  • ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာ အကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲမှုကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၂) ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ပြီးဖြစ်။

Add new comment