ပထမအကြိမ် ဘင်းမ်စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည့် ပထမအကြိမ် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အစည်းအဝေး (The First Meeting of BIMSTEC Expert Group on Fisheries and Live-stock) ကို မတ်လ ၁၃ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးတွင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် ငါးလုပ်ငန်းနှင့် မွေးမြူရေး ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုများ၊ ငါးနှင့်တိရစ္ဆာန်ထွက်ကုန်များ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြကာ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ လုပ်ငန်း အစီအစဉ်နှင့် လုပ်ငန်းတာဝန်တို့ကို ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ ကဏ္ဍနှင့်ကဏ္ဍခွဲများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်တွင်  ပြန်လည်ဖွဲ့စည်း ခဲ့ရာ ငါးလုပ်ငန်းကဏ္ဍသည် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ အောက်၌ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍခွဲဖြစ်လာပြီး မြန်မာနိုင်ငံက ဦးဆောင် နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ 

အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၄)

  • ပထမအကြိမ် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ အစည်းအဝေးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပခဲ့ပြီး ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့။

Add new comment