ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လာအိုနိုင်ငံ၌ကျင်းပသည့် အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတက်ရောက်

 

       အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ လွန်ပရာဘန်မြို့၌ မတ်လ ၈ ရက်မှ ၉ ရက်အထိ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးကာလအတွင်း ဝန်ကြီးများက စည်းနှောင်မှု မရှိသည့်ပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အာဆီယံဝန်ဆောင်မှု လွယ်ကူချောမွေ့စေရေးမူဘောင်ကို အတည်ပြုခဲ့ပါသည်။

        အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-

  • ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို အခြားအာဆီယံ စီးပွားရေးဝန်ကြီးများနှင့်အတူ အတည်ပြုကြောင်း၊ ယင်းဦးစားပေးလုပ်ငန်းများသည် လက်ရှိအချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်၊ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အထောက်အကူပြု ယူနစ်တည်ထောင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် အတူလိုက်ပါဆောင်ရွက်လျက်ရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံ၏ တန်းတူညီမျှမှု၊ အပြန်အလှန်တာဝန်ဝတ္တရားနှင့် အာဆီယံအချက် အချာကျမှု(Centrality) ကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့။

       အစည်းအဝေးတွင် လာအိုနိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာ မာလာမျိုး ညွန့်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေးသည် ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စီးပွားရေး(Circular Economy)၊ ကာဗွန် လျှော့ချရေး (Carbon Neutrality)၊ အပြာရောင်စီးပွားရေး (Blue Economy)၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Supply Chain) သို့ဝင်ရောက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေး၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပေါင်းစည်းမှု ကိစ္စရပ်များကို အဓိကထားဆွေးနွေးသည့် အစည်းအဝေးဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၄)

 

  • ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အထောက်အကူပြု ယူနစ်တည်ထောင် ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် အတူ လိုက်ပါဆောင်ရွက်လျက်ရှိ။
  • အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံ၏ တန်းတူညီမျှမှု၊ အပြန်အလှန် တာဝန်ဝတ္တရားနှင့် အာဆီယံအချက်အချာကျမှု (Centrality) ကို ဆက်လက်ထိန်း သိမ်းရန်အရေးကြီး။

Add new comment