နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

“အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို မတ်လ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါက Helpline ဖုန်း “1566” သို့ ၂၄ နာရီ တိုင်ကြားနိုင်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား၊ မ တန်းတူညီမျှရေး ဆောင်ရွက်ချက်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး ပြိုင်ပွဲတွင် ပထမဆုရရှိသူကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၏ဇနီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းတို့က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြု ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများကို ဂုဏ်ပြုဆု တံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ သည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအသင်းအဖွဲ့များ၏ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကောင်စီ ဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၏ ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၄)

  • ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး ပြိုင်ပွဲတွင် ပထမဆုရရှိသူကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေ ပေးအပ်ချီးမြှင့်ခဲ့။
  • အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါက Helpline ဖုန်း “1566” သို့ ၂၄ နာရီ တိုင်ကြားနိုင်ကြောင်းနှင့် ကျား၊ မတန်းတူညီမျှရေး ဆောင်ရွက်ချက်များ၊ အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက် များနှင့်အညီ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပြောကြား။

Add new comment

Switch to plain text editor