အလုံမြို့နယ်၌ အထက်တန်းရှေ့နေ (၁) ဦးကို ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်လုယူခံရမှုနှင့် ပတ်သက်၍ တရားခံ ကျား(၇)ဦးနှင့် အခြားအမှုမှ ဆက်စပ်တရားခံ (၃) ဦးတို့အား ဖမ်းဆီးရမိမှု

         ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင်မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်၌ 4E-7950 Probox ခဲရောင်(ငှား)ယာဉ်က ဘေးမှ ပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ ၇ ဦး(စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်သွား‌သဖြင့် အရေးယူပေးရန် အထက်တန်းရှေ့နေ ‌ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြို့မ ရဲစခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့် အမှုဖွင့်၍ စုံစမ်းလျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် 4E-7950 Probox ခဲရောင်(ငှား)ယာဉ်‌၏ ယာဉ်မောင်းမှာ ကိုရဲ(ခ)ရဲကျော်လင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရလည်းကောင်း၊ ဒေသခံပြည်သူလူထု၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူများသည် YGN-13 2E-6732 Toyota Hilux Surf နက်/ပြာရောင် မော်တော်ယာဉ် ၁ စီး၊ YGN-43 3E-5925 Suzuki Swift အပြာရောင် မော်တော်ယာဉ် ၁ စီး၊ စုစုပေါင်း မော်တော်ယာဉ် ၂ စီးတို့ဖြင့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်း၌ ရောက်ရှိ တိမ်း‌ရှောင်နေကြောင်း သတင်းရရှိ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်းပါ ၆ ဦး နှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင်(ခ)အရှည်ကြီးပါ ၃ ဦး၊ စုစု‌ပေါင်း ၉ ဦးအား မတ်လ ၆ ရက်တွင် မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်း တို့ ၃ ဦးသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ရာတွင် အဓိကဦးဆောင်သူများဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုများထံမှ စွပ်စွဲခံထားရသူများဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၄)

 

  • အလုံမြို့နယ်၌ အထက်တန်းရှေ့နေ (၁) ဦးကို ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်လုယူခံရမှုနှင့်ပတ်သက်၍ တရားခံ ငမျိုး(ခ) ကိုမျိုး(ခ)ရဲမျိုးသိန်းပါ ၆ ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင်(ခ) အရှည်ကြီးပါ ၃ ဦး၊ စုစု‌ပေါင်း ၉ ဦးအား မတ်လ ၆ ရက်တွင် မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။

Add new comment