အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏအဆင့်မြှင့် တင်ပြီး၍ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က အမျိုး သားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်း အပ်နှံခြင်းစာချွန်လွှာကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက် ခဲ့မှု VIDEO Clip ကို ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက -
· အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)ကို ၁၉၈၃ ခုနှစ်က တရုတ်အစိုးရ၏ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို သင်္ကေတပြုသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း။
· တရုတ်နှင့် မြန်မာအကြား အားကစားနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက အထူးအလေးထား ကြောင်း။
· ၂၀၂၂ခုနှစ်၊ မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရလဒ် ကောင်းများရရှိစေရန် မြန်မာနိုင်ငံအတွက် အားကစားနည်း ပညာဆိုင်ရာ အကူအညီပေးရေးစီမံချက်တစ်ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
· တရုတ်နိုင်ငံအနေဖြင့် ပြည်သူကိုဗဟိုပြုသည့် သဘောတရားကိုအခြေခံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်များသည် မြန်မာနိုင်ငံပြည်သူများကို ပိုမိုအကျိုးရှိစေရန်အတွက် မြန်မာနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက-
· ပရိသတ် ၁၀,၈၂၅ ဦးဝင်ဆံ့သည့် အားကစားပြိုင်ပွဲရုံသည် ဖွင့်လှစ်စဉ်မှစ၍ ယနေ့အထိ နိုင်ငံတကာအဆင့်အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် အခမ်း အနားပေါင်းများစွာကို ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ့ လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးခဲ့သည့် အားကစားရုံဖြစ်ကြောင်း။
· အားကစားရုံအဆင့်မြှင့်တင်ရေးစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ယွမ်သန်း ၂၂၀ အကုန်အကျခံ၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှ စတင်ဆောင်ရွက် ခဲ့ရာ ဒီဇင်ဘာလ ၁၄ ရက်တွင် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း။
· အားကစားရုံကြီးကို မူလပုံစံမပျက်ဘဲ သတ်မှတ်ကာလအတွင်း ပြုပြင်ပြီးစီးခဲ့သည့်အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသမိုင်းမှတ်တိုင်တစ်ခု ကျန်ရှိနေမည် ဖြစ်ကြောင်း။
· ၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၂၄) ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲနှင့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါကြောင်း ပြောကြားခဲ့။
ဆက်လက်၍ အဆင့်မြှင့်တင်ပြုပြင်ပြီးသည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး Mr. Tan Shu Fu တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။