ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ (၇) ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့်ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

       ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါ သည်။

          အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မိန့်ခွန်းပြော ကြားရာတွင်-

  • ယနေ့ ထိပ်သီးအစည်းအဝေးသည် အရည်အသွေးအာမခံမှု၊ အကဲဖြတ်မှု၊ စွမ်းရည် မြှင့်တင်ရေးနှင့် မဟာဗျူဟာအစပြုမှုများ အကောင်အထည်ဖော်ရေးတို့ကို အဓိက ထားဆွေးနွေး၍ တိုင်းရင်းဆေးဝါးများဆိုင်ရာ မူဝါဒများနှင့်စည်းမျဉ်းများကို နိုင်ငံ အချင်းချင်း ဖလှယ်နိုင်မည်ဖြစ်ပါကြောင်း။
  • ယနေ့ကျင်းပသော ထိပ်သီးအစည်းအဝေးမှ ဒေသတွင်းနိုင်ငံများ ဘေးအန္တရာယ် ကင်းဝေးပြီး ပိုမိုကောင်းမွန်သော တိုင်းရင်းဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသည့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တိုင်းရင်းဆေး ပညာဌာန အကြီးအကဲများက နိုင်ငံအလိုက်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေး ဝါးများ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး၊ သုတေသနပြုဆောင်ရွက်လျက် ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များ၊ မူဝါဒလုပ်ငန်းစဉ်များ၊ သုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကုသမှုအတွက် ဝိသမအဖျားပျောက်ဆေး တိုင်းရင်းဆေးဝါးကို သိပ္ပံနည်းကျဖော်စပ်၍ ကုသနိုင်ခဲ့သည့် အောင်မြင်မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် တရုတ်-အာဆီယံဆေးဝါး ထိန်းချုပ်ရေးအရာရှိများ သင်တန်း ဖွင့်ပွဲအခမ်းအနား၊ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲနှင့် တရုတ်-အာဆီယံ ဆေးဝါးထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီး များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက် ရောက် မိန့်ခွန်းပြောကြားခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ကိုဗစ်-၁၉ ရောဂါ ကုသမှုအတွက် ဝိသမအဖျားပျောက်ဆေး တိုင်းရင်းဆေးဝါးကို သိပ္ပံနည်းကျဖော်စပ်၍ ကုသနိုင်ခဲ့သည့် အောင်မြင်မှုများကို တင်ပြဆွေးနွေးခဲ့။

Add new comment