ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

          ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား မတ်လ ၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ဖိုးရှိသည့် ဆေးနှင့် ဆေးပစ္စည်းများအား မိမိတို့အခက်အခဲရှိသည့်အချိန်တွင် ကူညီထောက်ပံ့ပေးသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာပြည်သူပြည်သားများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းဆေးပညာကဏ္ဍ၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတို့တွင် ဆက်လက်၍ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးပညာရပ်ဆိုင်ရာ အတွေ့အကြုံအသိပညာများ အပြန်အလှန် နှီးနှောဖလှယ်ရေးကိစ္စရပ်များ၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၃-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment