ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကား ပြောကြား

       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄)ကို မတ်လ ၄ ရက်တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားရာတွင်-

  • ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure - SOP ) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေးအလုပ်အဖွဲ့ကို  စစ်ဥပဒေချုပ်ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း။
  • ယင်းအလုပ်အဖွဲ့အနေဖြင့် နည်းဥပဒေရေးဆွဲရေးအစည်းအဝေး (၂)ကြိမ် ပြုလုပ်ခဲ့ပြီး နည်းဥပဒေ(တတိယမူကြမ်း)ကို ရေးဆွဲခဲ့ပြီးဖြစ်သည့်အပြင် စံပြုလုပ်ထုံးလုပ်နည်း (SOP) ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရေးဆွဲထားပြီးဖြစ်ပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းများစနစ်တကျဖြစ်စေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစီးသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင်လည်းကောင်း၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ ၂၂ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် အလုပ်အဖွဲ့(၈)ဖွဲ့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက်မှတ်တမ်းတင်ခြင်း အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ပြန်လည်ခန့်အပ်ရေးအလုပ်အဖွဲ့ကို ဖေဖော်ဝါရီလ ၂၅ ရက်တွင်လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းများလေ့ကျင့်ရေး အလုပ်အဖွဲ့အနေဖြင့်လည်း သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာအချက်အလက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ Mobile Operator ၄ ခုမှတစ်ဆင့် SMS များ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း။
  • ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် (၁)သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှတစ်ဆင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီး အချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ၎င်းတို့အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း။
  • မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း သတင်း၊ TV Spot၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်မှ ပြည်သူသို့ ပြောကြားချက်များစသည်ဖြင့် ထုတ်လွှင့်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလအပိုင်းအခြားအလိုက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေး၊ SOPရေးဆွဲထားမှုနှင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (တတိယမူကြမ်း) ရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၄)

 

  • ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure - SOP) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေးအလုပ်အဖွဲ့ကို  စစ်ဥပဒေချုပ်ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့၊ နည်းဥပဒေ(တတိယမူကြမ်း)ကို ရေးဆွဲခဲ့ပြီးဖြစ်သည့်အပြင် စံပြုလုပ်ထုံးလုပ်နည်း (SOP) ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရေးဆွဲထားပြီးဖြစ်။
  • ပြည်သူ့စစ်မှုထမ်းများလေ့ကျင့်ရေး အလုပ်အဖွဲ့အနေဖြင့်လည်း သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ဆောင်ရွက်ထားပြီးဖြစ်။
  • ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ Mobile Operator ခုမှတစ်ဆင့် SMS များ ပေးပို့ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ။

Add new comment