ဟိုပုံး-မိုင်းပွန်သွား ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် PNLA အဖွဲ့နှင့် KNDF၊ KNPP အကြမ်းဖက်သောင်းကျန်းသူများ ပိတ်ဆို့ထားသည့် လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်

         PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကို မလိုလားသူအချို့နှင့် KNDF၊ KNPP အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများကြောင့် ခရီးသွားလာမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်မှစတင်ကာ ဆီဆိုင်-မိုင်းပွန်ကားလမ်းတစ်လျှောက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် ချီတက်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပါသည်။

ရှင်းလင်းဆောင်ရွက်စဉ် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးအား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှစတင်၍ ယာဉ်များပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းမကြီးအား ပိတ်ဆို့၍ ဆက်ကြေးကောက်ခြင်း၊ လက်နက်မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးဖြန့်ချိရောင်းချရေးလုပ်ငန်းများကို လုပ်ကိုင်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၄)

 

  • ဟိုပုံး-မိုင်းပွန်သွား ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် PNLA အဖွဲ့နှင့် KNDF KNPP အကြမ်းဖက်သောင်းကျန်းသူများ ပိတ်ဆို့ထားသည့် လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး  ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီး ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။

Add new comment