တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး(မန္တလေး) လေးထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

          တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး (မန္တလေး) လေးထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁ ရက်တွင် အဆိုပါကုသဆောင်ရှေ့မျက်နှာစာ၌ ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည် အရိုးရောဂါအထူးကုဆေးရုံကြီး (မန္တလေး)၏လေးထပ်ကုသဆောင်အသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ခေတ်မီဆေးရုံသုံးစက်ကိရိယာများ ဝယ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး လူနာများအား နွေးထွေးပျူငှာစွာ ဆက်ဆံ၍ ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

အရိုးရောဂါအထူးကုဆေးရုံကြီး(မန္တလေး)တွင် အထွေထွေအရိုးရောဂါကုသခြင်း၊ ခါးရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာအနုစိတ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုးအစားထိုးကုသခြင်း၊ မွေးရာပါ ခြေခွင်လူနာများအား ကုသပေးခြင်းများအပြင် အရိုးရောဂါအထူးပြု ပါရဂူဘွဲ့သင်တန်းသားများ၊ မဟာဘွဲ့သင်တန်းများ၊ သူနာပြုအရိုးအထူးပြု ဒီပလိုမာသင်တန်းသားများနှင့် မဟာဘွဲ့သင်တန်းသားများကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၄)

 

  • တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး (မန္တလေး) လေးထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့။

Add new comment