အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

       လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ  ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅  ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃)ကြိမ်မြောက် အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက-

  • အနာဂတ်တွင် ပိုမိုတိုးတက်ကောင်း မွန်သည့် အာဆီယံဖြစ်ပေါ်လာရေးအတွက် လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းနှင့် ပညာရှင်များနှင့် တွေ့ဆုံမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် အရေးကြီးကြောင်းတို့ကို အလေးပေးဆွေးနွေးခဲ့။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးမှ တင်ပြသည့် အကြံပြုချက်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် (၁၄) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်မူကြမ်း ပထမအကြိမ်ရေးဆွဲမှုကို အွန်လိုင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။

အစည်းအဝေးကာလအတွင်း ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Phoxay Khaykhamphithoune တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath  နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၄)

 

  • အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အနာဂတ်တွင် ပိုမိုတိုးတက်ကောင်းမွန်သည့် အာဆီယံဖြစ်ပေါ်လာရေးအတွက် လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းနှင့်ပညာရှင်များနှင့် တွေ့ဆုံမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် အရေးကြီးကြောင်းတို့ကို အလေးပေးဆွေးနွေးခဲ့။
  • ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့နှင့်သီးခြားစီတွေ့ဆုံခဲ့ပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment