ဖေဖော်ဝါရီ ၂၈ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်တွေတပ်နယ်ဘက်သို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်ခဲ့မှုကြောင့် တပ်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။ ဖေဖော်ဝါရီလ ၂၉ ရက်တွင်လည်း စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်း၌ ပေါက်ကွဲမှုတစ်ခုထပ်မံဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများကြောင့် အဆိုပါဒဏ်ရာရရှိသူများအား ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀) သို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများ၏လုပ်ရပ်များကို ဒေသခံ ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၄)
-
AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းနှင့် စစ်တွေတပ်နယ်ဘက်များသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ။
Add new comment