ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် စုဆောင်းနေသည်ဟူသော သတင်းများ လုံးဝမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြား

       ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ကန့်သတ်ခံထားရသည့် ဘင်္ဂါလီများအား လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဟု ကမ်းလှမ်းကာ စစ်မှုထမ်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာရင်းကောက်ယူနေသည်ဆိုသော သတင်းအား ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် The Business Standard ၏ ဝက်ဘ်ဆိုက်တွင် သတင်းတင်ထားရှိမှုနှင့် ဘင်္ဂါလီလူမျိုး အများအပြားအား လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည်ဟူသည့်သတင်းအား ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းဌာန၏ ရေးသားထားမှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ရာတွင်-

  • ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့သည် တရားမဝင်ပြည်ဖျက်မီဒီယာအချို့၏ အခြေအမြစ်မရှိသော ရေးသားချက်များကို ကိုးကား၍ ရေးသားနေကြခြင်းဖြစ်ကြောင်း။

  • ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများမဟုတ်သည့်အပြင် လက်ရှိအချိန်အထိ စစ်မှုထမ်းဥပဒေအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးအဖွဲ့များသာ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအစရှိသည့်အဖွဲ့များ ဖွဲ့စည်းခြင်းများအပြင် နည်းဥပဒေများလည်း ထုတ်ပြန်ရန်ကျန်ရှိသည့်အတွက် သတင်းအမှားများသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်ကြောင်း ကြေညာပြီးနောက်ပိုင်းတွင် ပြည်သူများနှင့် ဒေသခံများ စိုးရိမ်ပူပန်မှု ကြီးထွားစေရန်အတွက် မဟုတ်မမှန်သတင်းများကို လုပ်ကြံရေးသားလျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန်အတွက် နိုင်ငံပိုင်သတင်းစာများ၊ မီဒီယာများမှတစ်ဆင့် သတင်းအချက်အလက်အမှန်များ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၂-၂၀၂၄)

 

  • ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် စုဆောင်းနေသည်ဟူသော သတင်းများသည် လုံးဝမှန်ကန်မှုမရှိကြောင်းနှင့်  တရားမဝင် ပြည်ဖျက်မီဒီယာအချို့၏ အခြေအမြစ်မရှိသော ရေးသားချက်များကို ကိုးကား၍ ရေးသားနေကြခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့။

  • ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများမဟုတ်သည့်အပြင် လက်ရှိအချိန်အထိ စစ်မှုထမ်းဥပဒေအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးအဖွဲ့များသာ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအစရှိသည့် အဖွဲ့များဖွဲ့စည်းခြင်းများအပြင် နည်းဥပဒေများလည်း ထုတ်ပြန်ရန်ကျန်ရှိသည့်အတွက် သတင်းအမှားများသာဖြစ်ကြောင်း ပြောကြားခဲ့။

Add new comment