PDF အမည်ခံအကြမ်းဖက်သမားများက ကလေးတက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

        PDF အမည်ခံအကြမ်းဖက်သမားများ ၁၃၀ ဦးခန့်သည် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ပညာသင်ကြားပြသနေသော ဆရာ၊ ဆရာမများ၊ တက်ရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

PDF အမည်ခံအကြမ်းဖက်​သမားများ၏ ယခုကဲ့သို့အကြမ်းဖက်လုပ်ဆောင်မှုသည် နိုင်ငံတော်တည်ဆောက်ရေးတွင် အလွန်အရေးပါသည့် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးတို့အပေါ် များစွာ ထိခိုက်စေပြီး အမှား၊ အမှန်၊ အဆိုး၊ အကောင်း ဝေဖန်ပိုင်းခြားတတ်အောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ လူသားတံတိုင်းအဖြစ် အသုံးချခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊  မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းစုစုပေါင်းအဖွဲ့အစည်း ၂၁ ဖွဲ့တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၈-၂-၂၀၂၄)

 

  • PDF အမည်ခံအကြမ်းဖက်သမားများက ကလေးတက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုသည် နိုင်ငံတော်တည်ဆောက်ရေးတွင် အလွန်အရေးပါသည့် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးတို့အပေါ် များစွာထိခိုက်စေပြီး ဆရာ၊ ဆရာမများနှင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ လူသားတံတိုင်းအဖြစ် အသုံးချခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း စုစုပေါင်းအဖွဲ့အစည်း ၂၁ ဖွဲ့မှ သဘောထားများ အသီးသီးထုတ်ပြန်ခဲ့။

Add new comment