PDF အကြမ်းဖက်သမားများ ဖမ်းခေါ်သွားသည့် ကလေးတက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် PDF အကြမ်းဖက်သမားအင်အား ၁၃၀ ဦးခန့်က တက္ကသိုလ်အတွင်းသို့ ဝင်ရောက်၍ စာသင်ဆောင်များတွင်ရှိသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ကယ်ဆယ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

ဖမ်းဆီးခံထားရသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၈၅ ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့သော်လည်း အချို့သောပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (စိစစ်ဆဲ)တို့အား ဓားစားခံအဖြစ် PDF အကြမ်းဖက်သမားက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

အဆိုပါတိုက်ပွဲအတွင်းမှ အကြမ်းဖက်သမားများ၏ အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော ပညာရေးဆိုင်ရာအဆောက်အဦများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းများကို အကာ အကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်းတို့အား ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သည့် ပညာရေးကဏ္ဍကို တိုက်ခိုက်ခြင်းဖြစ်သဖြင့် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပါသည်။

အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်အင်အား (စိစစ်ဆဲ)ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အားသွန်ခွန် စိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၂-၂၀၂၄)

 

  • PDF အကြမ်းဖက်သမားများသည် ကလေးတက္ကသိုလ်အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးထားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်ဆယ်ခဲ့ရာ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၈၅ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်းမှ အကြမ်းဖက်သမားများ၏ အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့။
  • PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော ပညာရေးဆိုင်ရာ အဆောက်အဦများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းတို့အား ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ပညာရေးကဏ္ဍကို တိုက်ခိုက်ခြင်းဖြစ်သဖြင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်ရှိသည့်အင်အား (စိစစ်ဆဲ) ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိ။

Add new comment