နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ကြည့်ရှုအားပေး

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ လိုက်ပါ၍ ဒီဇင်ဘာလ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာရှိ Clean Power Energy Co., Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဂ္ဂါဝပ် ၃၀ ၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ Clean Power Energy Co., Ltd ဥက္ကဋ္ဌ  ဦးသောင်းကြိုင်က-

· မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံစီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အသုံးပြုလျက်ရှိသည့် ဆိုလာ Module များ၏ စွမ်းဆောင်နိုင်ရည်များနှင့် နေရောင်ခြည်အပြည့်အဝရရှိရေး အလိုအလျောက်ထိန်းချုပ်စနစ်ဖြင့် လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ။

· လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ နေ့စဉ်လျှပ်စစ်ဓာတ်အား များအား နိုင်ငံတော်ဓာတ်အားစနစ်(National Grid) သို့ ချိတ်ဆက်ပို့လွှတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့။

ရှင်လင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်မှာကြားရာတွင်-

· မြန်မာနိုင်ငံမှ ထုတ်လုပ်လျက်ရှိသည့် ဆိုလာပြားများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်သည့် ဆိုလာပြားများ၏ အရည် အသွေးများအား နှိုင်းယှဉ်၍ အရည်အသွေးပြည့်မီသည့်ဆိုလာပြားများ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

· ဆိုလာလျှပ်စစ်ဓာတ်အားထုတ်ယူမှုသည် အကြောင်းအမျိုး မျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုကြီးမြင့်ခဲ့သော်လည်း တည်ဆောက်မှုအချိန် ကာလနည်းပါးခြင်း၊ နောက်ပိုင်းကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း။

· နေရောင်ခြည်စွမ်းအင်အား အသုံးပြု၍ စိုက်ပျိုးရေရရှိ ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် မိတ္ထီလာဒေသတွင် ဝါစိုက်ပျိုးမှုဖြစ်ထွန်းရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေများအား ဆိုလာစနစ်ဖြင့်အသုံးချ၍ ရနိုင်ကြောင်း။

· နိုင်ငံတစ်ဝန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး  ထိုကဲ့သို့ ထုတ်လုပ်ခြင်းများအတွက် နိုင်ငံတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်း အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

အဆိုပါ မဂ္ဂါဝပ် ၃၀၊ သပြေဝ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအား Clean Power Energy (CPE) Co., Ltd. မှ BOO(Build Operate Own) ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းတွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ Panel ပေါင်း ၈၃,၇၅၂ ခု၊ အင်ဗာတာ ၁၂၆ လုံး၊ Box Transformer ၅ လုံးတို့ တပ်ဆင်ထားပြီး တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ် နာရီနှစ်သိန်းကျော်ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၇၀ ဒသမ ၅၉၉ ခန့်ထုတ်လုပ်ပေးနိုင်ကြောင်း၊ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများအား သပြေဝပင်မဓာတ်အားခွဲစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးလျက်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။