ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅) အား ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ပါသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ရထားသံလမ်း ၂ ချောင်းမှာ ပေ ၇၀ ခန့်စီ ပြတ် ထွက်ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီဖားတုံး ၃၆ တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ် ကြမ်းခင်း၌ ၅ ပေပတ်လည် အပေါက် ၅ ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့ရပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် အမှတ် (၉၁၄) အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာ၌လည်းကောင်း၊ အမှတ် (၉၂၄-A) အစုန်ကုန်ရထားသည် ဖြူး ဘူတာ၌လည်းကောင်း၊ အမှတ် (၉၂၄-B) အစုန်ကုန်ရထားသည် ကျွဲပွဲဘူတာ၌လည်းကောင်း၊ အမှတ် (၆၅၃) အဆန်ကျောက်ရထားသည် အုတ်တွင်းဘူတာနှင့် အမှတ် (၉၀၂) အစုန်ကုန်ရထားသည် သောင်းတိုင်ကုန်းဘူတာ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၁၁) အဆန်လူစီးရထားသည် ညောင်လေးပင်ဘူတာ၌လည်းကောင်း အသီးသီးရပ်နားထားခဲ့ရပါသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က သွားရောက်၍ အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက အဆိုပါပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါလမ်းပိုင်းအား နေ့လည်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အသီးသီးရပ်နားခဲ့ရသည့် ရထားများမှာလည်း ပုံမှန်အတိုင်း ဆက်လက်ထွက်ခွာခဲ့ကြပါသည်။
အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ်ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အချိန်ပိုမို ကြန့်ကြာစေရေးတို့အတွက် ရည်ရွယ်ချက်ရှိရှိ အကြိမ်ကြိမ်ဖျက်ဆီးနေမှုများကြောင့် ၎င်းတို့၏လုပ်ရပ်များအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၂-၂၀၂၄)
- ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား တံတားအမှတ်၊ (၁၄၅) ရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ရာ ပေါက်ကွဲမှုကြောင့် ရထားသံလမ်း ၂ ချောင်းမှာ ပေ ၇၀ ခန့်စီ ပြတ်ထွက်ပျက်စီး ခြင်း၊ ကွန်ကရစ်ဇလီဖားတုံး ၃၆ တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ်ကြမ်းခင်း၌ ၅ ပေပတ်လည် အပေါက် ၅ ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့။
- မြန်မာ့မီးရထားဝန်ထမ်းများက အဆိုပါပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်၊ နေ့လည်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ရာ အသီးသီးရပ်နားခဲ့ရသည့် ရထားများမှာလည်း ပုံမှန်အတိုင်းဆက်လက်ထွက်ခွာခဲ့။
- အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ်ကျူးလွန်ခဲ့ကြပြီးဖြစ်။
Add new comment