တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ဖေဖေါ်ဝါရီလ ၁၉ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
-
တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေးများစီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့်လုံခြုံရေးအရ ထိခိုက်မှုများကို ဖြစ်ပေါ်လာစေနိုင်သောကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း” ထည့်သွင်းဆွေးနွေးခဲ့ကြောင်း။
-
တရားဝင်ကုန်သွယ်မှုများ ချဲ့ထွင်ခြင်းနှင့်ပတ်သက်ပြီး တရားမဝင်ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ခန့်မှန်းခြေအားဖြင့် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အကြားတွင်ရှိကြောင်း။
-
တရားမဝင်ကုန်သွယ်မှုများမှရရှိလာသည့် အမြတ်ငွေဒေါ်လာဘီလီယံပေါင်းများစွာကို အခြားသောတရားမဝင်လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူ့အသိုင်းအဝိုင်း၏ စီးပွားရေးလုပ်ငန်းများအကြား မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ် လာပြီး အဆိုးရွားဆုံးအဖြစ် နိုင်ငံတော်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်သည့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုများကိုလည်း ပေါ်ပေါက်လာစေကြောင်း။
-
တရားမဝင်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်က ကျသင့်တန်ဖိုးအောက်ဖော်ပြ၍ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ၁၀ ရာခိုင်နှုန်းသည် တရားဝင်၊ တရားမဝင် အပြိုင်တင်သွင်းမှုတို့ဖြစ်ပါကြောင်း။
-
တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခြင်း၊ အမှန်တကယ်လုပ်ကိုင်နေသူများကို ထိခိုက်နစ်နာစေခြင်းနှင့်နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများမရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကို တွေ့ရှိရပါကြောင်း။
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာသည်မှာ ယနေ့အစည်းအဝေးပါဆို လျှင် (၁၃) ကြိမ်ရှိပြီး ယခင်အစည်းအဝေး (၁၂) ကြိမ်က ဆုံးဖြတ်ချက် (၄၂၄) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် ဦးဆောင်ကော်မတီဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း (၂၄) လကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ (၁၀၃၉၅) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၂၀၀ ဒသမ ၄၂၂) ဘီလီယံ ဖမ်းဆီးရမိခဲ့ပါကြောင်း။
-
ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုး ကျပ် (၇၀ ဒသမ ၃၁ ) ဘီလီယံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရသော်လည်း တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း။
-
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်စခန်းများနှင့် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တာဝန်ကျသည့် ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ယခုထက် ပိုမိုထိရောက်စွာ ကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်ကြရန် လိုအပ်နေသည်မှာ ထင်ရှားနေပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝင်းရှိန်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၂-၂၀၂၄)
-
တရားမဝင်ကုန်သွယ်မှုများမှရရှိလာသည့် အမြတ်ငွေဒေါ်လာဘီလီယံပေါင်းများစွာကို အခြားသောတရားမဝင်လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုများကိုလည်း ပေါ်ပေါက်လာစေနိုင်။
-
တရားမဝင်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်က ကျသင့်တန်ဖိုးအောက်ဖော်ပြ၍ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ၁၀ ရာခိုင်နှုန်းသည် တရားဝင်၊ တရားမဝင် အပြိုင်တင်သွင်းမှုတို့ဖြစ်။
-
တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခြင်း၊ အမှန်တကယ်လုပ်ကိုင်နေသူများကို ထိခိုက်နစ်နာစေခြင်းနှင့် နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများမရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကို တွေ့ရှိရ။
-
ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုး ကျပ် (၇၀ ဒသမ ၃၁ ) ဘီလီယံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရသော်လည်း တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ကိုလည်း တွေ့ရှိရ။
Add new comment