ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁၇ ရက် တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(ဗဟို)ရုံး၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ရုံး ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား YMBA အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- YMBA အသင်းကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးပင်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာစောင့်ရှောက်ရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း။
- လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံစိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များရရှိစေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင် ထားရှိသည့်စိတ်ဓာတ်များ ကောင်းမွန်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း။
- YMBA အသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည့်ခေါင်းဆောင်များနှင့် ခေတ်အဆက်ဆက်တာဝန်ယူ ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ခဲ့ကြသကဲ့သို့ ယခုအချိန်တွင်လည်း အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။
- YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးကို ဦးဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုပြီး နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက်ကြစေလိုကြောင်း။
- ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်စေခဲ့ပြီး ရည်ရွယ်ချက်မှာ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နယ်အသီးသီးရှိ YMBA အသင်းအဖွဲ့များအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိကိုယ်တိုင်လည်း သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
- ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ အမျိုးသားစစ်မှုထမ်းဆောင်ခြင်းဖြင့် နိုင်ငံသားများအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်များ( Team Sprit) ၊ အဖွဲ့အစည်းဖြင့်စည်းစနစ် ကျနစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) တို့ဖြင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ကြောင်း။
- YMBA အသင်းကြီးအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက ဘာသာရေးဆိုသည်ထက် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးဖြစ်သည့် လူမှုရေးကို အခြေခံသည့် အမျိုးသားရေးအဖွဲ့အစည်းဖြစ်ပြီး ကာယ၊ ဉာဏ၊ စိတ္တအားများဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအသိအမြင်အမှန်များရရှိပြီး စိုးရိမ်ပူပန်မှုများမရှိစေရေး၊ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များအခန်းကဏ္ဍ တိုးတက်မြင့်မား စေရေးအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပါသည်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သော ပေါင်းစည်းစွမ်းအား(Well Organize) ဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)အနေဖြင့်လည်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာစောင့်ရှောက်ရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက် ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၂-၂၀၂၄)
- လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံစိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များရရှိစေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင်ထားရှိသည့် စိတ်ဓာတ်များကောင်းမွန်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ဆောင် ရွက်ပေးရမည်ဖြစ်။
- YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးကို ဦးဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုပြီး နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက်ကြစေလို။
- ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ အမျိုးသားစစ်မှုထမ်းဆောင်ခြင်းဖြင့် နိုင်ငံသားများအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်များ(Team Spirit)၊ အဖွဲ့အစည်းဖြင့်စည်းစနစ် ကျနစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (Team Work) တို့ဖြင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များ ရရှိလာမည်ဖြစ်။
Add new comment