နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

        ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးရေး ညှိနှိိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင်-

  • နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံမှုရှိစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့သော်လည်း စားသုံးဆီတင်သွင်းမှု လျော့ကျခြင်းမရှိသည်ကိုတွေ့ရှိရပြီး လက်ရှိအချိန်အထိ တင်သွင်းနေရဆဲဖြစ်ကြောင်း။
  • ဆီထွက်သီးနှံများသည် လေးလတာကာလအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုး၍ရသည်ကို တွေ့ရှိရသောကြောင့် မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း။
  • လက်ရှိ ဆီထွက်သီးနှံစိုက်ဧကများသည် လုံလောက်သည့် အနေအထားတွင်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အဓိကကျကြောင်း၊ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီသည့် ထွက်ရှိမှုများသည် မိမိတို့အတွက် အနုတ်လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုကြောင်း၊  စိုက်ပျိုးရေးနှင့်ပတ်သက်ပါက တစ်ဧက အထွက်နှုန်းတိုးမြှင့်နိုင်ရေးသည် အဓိကထားဆောင်ရွက်ကြရမည့်လုပ်ငန်းအဖြစ် မှာကြားလိုကြောင်း။
  • ဝါစိုက်ပျိုးရေးဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုကို ဧက ၅ သိန်းစိုက်ပျိုးပြီး သတ်မှတ်ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းချည်သုံးစွဲမှုကို ဖူလုံစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေရရှိရေးကို ကြီးမားစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ကြံနှင့်ပတ်သက်၍ လက်ရှိအထွက်နှုန်းအတိုင်း တွက်ချက်မည်ဆိုပါက ပြည်တွင်းဖူလုံမှုမှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၁၂ ရာခိုင်နှုန်းရှိကြောင်း၊ ကြံစိုက်ပျိုးမှုကို စိုက်ဧကတိုးချဲ့ရန်မလိုဘဲ အထွက်နှုန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။
  • ကော်ဖီထွက်ကုန်များသည် ကမ္ဘာပေါ်တွင် အမြဲလိုအပ်မှုရှိသည့် ကုန်ပစ္စည်းများ ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ ကော်ဖီစိုက်ပျိုးရေးစီမံကိန်းများကို စတင်ဆောင်ရွက်သွားမည်ဆိုပါက နောင်ကာလများတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကော်ဖီတင်ပို့သည့် ထိပ်တန်းနိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း။
  • နွားမွေးမြူရေးနှင့် ကျွဲမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်ပြီး ပြည်တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် လိုအပ်သည့် နိုင်ငံခြားငွေများကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍  ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ဝါကြိတ်စက်၊ ချည်ငင်စက်၊ ချည်ထည်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) များဖြင့်‌ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်သဖြင့် အမျိုးသားရေးအဖြစ် ဆောင်ရွက်စေလိုကြောင်း။
  • ပြည်တွင်း နို့ထွက်ပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး နို့စားနွားမွေးမြူခြင်းများကို တိုးချဲ့မွေးမြူရန်လိုကြောင်း၊ မိုးစပါး ၁၄ သန်းကျော် စိုက်ပျိုးရေး လုပ်ငန်းမှထွက်ရှိသည့် ကောက်ရိုးများအား တိရစ္ဆာန်အစာများ ပြုလုပ်နိုင်သကဲ့သို့ ပျော့ဖတ်လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သဖြင့် အကျိုးရှိစွာအသုံးပြုနိုင်ရန်လိုကြောင်း။
  • ဝါစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးတို့ကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးသည်မှ ကုန်ချောထွက်ရှိသည်အထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ကုန်ထုတ်လုပ်စားသုံးမှုကွင်းဆက်(Supply Chain) တစ်ခုလုံး၌ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုများ များစွာဆက်စပ်တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၂-၂၀၂၄)

 

  • ဆီထွက်သီးနှံများသည် လေးလတာကာလအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုး၍ရသည်ကို တွေ့ရှိရသောကြောင့် မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင်ရွက်ကြရန်လို။
  • ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ချည် ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် လိုအပ်သည့် နိုင်ငံခြားငွေများကိုပါ ရရှိနိုင်မည်ဖြစ်။
  • ဝါကြိတ်စက်၊ ချည်ငင်စက်၊ ချည်ထည်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) များဖြင့်‌ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်သဖြင့် အမျိုးသားရေးအဖြစ် ဆောင်ရွက်စေလို။

Add new comment