ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်းရေးမှူးစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များနှင့် အဖွဲ့ဥက္ကဋ္ဌဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တက်ရောက်အမှာစကားပြောကြားရာတွင်-
-
ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကိုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း။
-
၎င်းပြဋ္ဌာန်းခဲ့သည့် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်အမိန့်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
-
ထိုသို့အာဏာတည်သည့် အမိန့်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
-
ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း(၈)ခန်းနှင့် ပုဒ်မ(၃၃)ခုဖြင့် ပြဋ္ဌာန်းထားသည့်အနက် အရေးကြီးသော အချက်များဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၃၅) နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး အသက် (၂၇) နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၄၅) နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဥပဒေအရသတ်မှတ်ထားပါကြောင်း။
-
စစ်မှုထမ်းရန်ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူများ မရှိသော မိအို၊ ဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများကို ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှယာယီရွှေ့ဆိုင်းနိုင်မည် ဖြစ်ပါကြောင်း၊ ယာယီရွှေ့ဆိုင်းထားသူများအတွက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်းဆောင်ရန် ကာလကိုပြည့်မီအောင် ပြန်လည်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း။
-
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများအပြင် အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်ပါကြောင်း၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်မလျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မည်ဖြစ်ပါကြောင်း။
-
လက်ရှိမိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နိုင်သည့် လူဦးရေမှာ (၁၃) သန်းခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုး အစားအလိုက်ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း။
-
သင်တန်းတစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုမှ အများဆုံးပါဝင်နိုင်မည့်အရေအတွက်မှာ တစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည်မဟုတ်ကြောင်း၊ အကျုံးဝင်သူများအနက် နှစ်စဉ်တက်ရောက်ရမည့် အရေအတွက်မှာ ၁ ရာခိုင်နှုန်းအောက်ပင်ရှိပါကြောင်း။
-
ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် သတ်မှတ် Time Frame အတွင်း အချိန်မီပြီးစီးနိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သတင်းမှားဝေဖန်ပြောဆိုချက်များအား နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသတင်းမှန်များသိရှိနိုင်ရေး တုံ့ပြန် ဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်းခြင်းလုပ်ငန်းစဉ်များအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်ရမည့်အခြေအနေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလအပိုင်းအခြားအလိုက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးအဖွဲ့များအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၂-၂၀၂၄)
-
ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကိုပြဋ္ဌာန်းခဲ့။
-
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့။
-
ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုး အစားအလိုက် ခေါ်ယူသည့်စနစ် ကို ကျင့်သုံးသွားမည်ဖြစ်။
Add new comment