၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်များတွင် ကျင်းပပြုလုပ်ခဲ့ရာ-
- ဖေဖော်ဝါရီလ ၁၇ ရက်တွင် မြစ်ကြီးနားမြို့၊ မေခပန်းခြံ၌လည်းကောင်း၊ မိုးညှင်း မြို့၊ မြို့မစုပေါင်းရုံးရှေ့ကွင်း၌လည်းကောင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၅) ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌လည်းကောင်း။
- ဖေဖော်ဝါရီလ ၁၈ ရက်တွင် တနိုင်းမြို့၊ မြို့ဦးကျောင်းရှေ့နှင့် ဗန်းမော်မြို့၊ ပြည်သူ့အားကစားကွင်း၌လည်းကောင်း၊ မြိတ်မြို့၊ ကျောက်ဖျာခရုရုပ်တု၌လည်းကောင်း၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ခေတ္တရာညဈေးကွင်းပြင်၌လည်းကောင်း အသီးသီးပြုလုပ်ခဲ့။
အဆိုပါကြိုဆိုထောက်ခံပွဲအသီးသီးသို့ တက်ရောက်ခဲ့သည့် သက်ဆိုင်ရာမြို့နယ် များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက “ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိနေဖို့ စစ်ပညာသင်ကြစို့၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပအန္တရာယ်များက ကာကွယ်ဖို့ စစ်မှုထမ်းကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့်ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော် ဟောပြောကာ ငြိမ်းချမ်းစွာ လူစု ခွဲခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၂-၂၀၂၄)
- မြစ်ကြီးနားမြို့၊ မိုးညှင်းမြို့၊ ပဲခူးမြို့၊ တနိုင်းမြို့၊ ဗန်းမော်မြို့၊ မြိတ်မြို့နှင့် ပြည်မြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့။
- အဆိုပါကြိုဆိုထောက်ခံပွဲအသီးသီးသို့ တက်ရောက်လာသူများက “ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိနေဖို့ စစ်ပညာသင်ကြစို့၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့” ကြေးကြော်သံများနှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ခဲ့။
Add new comment