မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင်-
- အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြည်ပရောက် မြန်မာနိုင်ငံသားအလုပ်သမားများအား ကာကွယ်ကူညီစောင့်ရှောက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံးများ ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များအားလည်းကောင်း။
- ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်နေမှု၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးနေမှုနှင့် Online လိမ်လည်မှုများတွင် အသုံးချခံရသည့် နိုင်ငံခြားသားများအား ပြန်လည်လွှဲပြောင်းပေးပို့နေမှု အခြေအနေများအားလည်းကောင်း။
- စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့်ပတ်သတ်၍လည်းကောင်း။
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြည်ပနှင့်ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း။
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့။
ထို့နောက် သံအမတ်ကြီးများနှင့် ယာယီတာဝန်ခံများက သက်ဆိုင်ရာနိုင်ငံများအလိုက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဖော်ဆောင်နေမှု၊ အလုပ်သမားများ စေလွှတ်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၄)
- ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသား အလုပ်သမားများအား ကာကွယ်ကူညီစောင့်ရှောက်ရေး၊ Online လိမ်လည်မှုများတွင် အသုံးချခံရသည့် နိုင်ငံခြားသားများအား ပြန်လည်လွှဲပြောင်းပေးပို့နေမှုနှင့် ပြည်ပနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
Add new comment