မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား DVB-T2 စနစ်တွင် HD Quality ရုပ်သံ(၂)လိုင်းမှ (၉) လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၁)လိုင်းဖြင့် အဆင့်မြှင့်တင်ထုတ်လွှင့်မှုနှင့် MRTV DTH Platform တွင် ရုပ်သံ(၇)လိုင်းမှ (၁၂) လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၉)လိုင်း ထုတ်လွှင့်မှုတို့အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်သည့် ဌာနကြီးတစ်ခုဖြစ်ကြောင်း။
- နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီး ၃ မြို့အတွက် ထုတ်လွှင့်နေသည့် ထပ်ဆင့်လွှင့်စက်ရုံ ၃ ရုံမှ Analogue စနစ်ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်းနိုင်ရန် ကြေညာပြီး ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် (DVB-T2) စနစ်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံ ၁၈ လိုင်းထဲတွင် (HD) Quality နှင့် ရုပ်သံလိုင်း ၂ လိုင်းသာ ထုတ်လွှင့်နိုင်ရာမှ ယခုအခါ (၁၁) လိုင်းအထိ အဆင့်မြှင့်တင်ပြီး တိုးချဲ့ထုတ်လွှင့်နိုင်ရန်နှင့် (DTH) စနစ်ဖြင့် ရုပ်သံလိုင်း ၇ လိုင်းသာထုတ်လွှင့်နေရာမှ ရုပ်သံလိုင်း ၁၉ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- MRTV အနေဖြင့် တိုင်းရင်းသားဘာသာစကား(၁၈)မျိုး အပါအဝင် စုစုပေါင်းဘာသာစကား (၂၀) မျိုးနှင့် ထုတ်လွှင့်နိုင်သည်မှာလည်း နိုင်ငံတကာအလယ်တွင် ထူးခြားထင်ရှားပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို အလေးထားဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း။
- ယနေ့နိုင်ငံတော်တွင် ပြည်တွင်းပြည်ပ သွေးထိုးမြှောက်ပင့်ပေးနေခြင်းများ၊ ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး နိုင်ငံကိုချောက်ထဲရောက်အောင် တွန်းပို့နေသော ယုတ်ညံ့သည့်မီဒီယာများ၊ အခြေအနေနှင့် လက်တွေ့ဖြစ်ပျက်နေမှုများကို အသိဉာဏ်ပညာနှင့် စဉ်းစားသုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှု မရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာ ရောက်နေရခြင်းဖြစ်ကြောင်း၊
- အဆိုပါ အဖျက်အမှောင့်လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးခြင်းကြောင့် ပြည်သူလူထုအားလုံးက သိရှိနားလည်ကြရန် သတင်းတုသတင်းမှားများကို တုံ့ပြန်ခြင်း၊ သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေးခြင်း၊ အသိပညာပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- နိုင်ငံတော်အဆင့်အခမ်းအနားကြီးများ ကျင်းပခဲ့မှုတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက ကဏ္ဍစုံလင်စွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ကို ပြန်လည်ဂါရဝပြုပေးအပ်ခဲ့။
- မြဝတီတေးဂီတအဖွဲ့နှင့် အနုပညာရှင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ဖြင့် တွဲဖက်၍ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်းတစ်ခုဖြစ်ပြီး သတင်းအချက်အလက်များကို ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ ရည်မှန်းချက်များနှင့်အညီ ထုတ်လွှင့်တင်ဆက်လျက်ရှိကြောင်း၊ ယခုအခါ MRTV HD၊ MRTV News၊ MRTV NRC၊ MRTV Farmers’၊ MRTV Parliament၊ MRTV Sports ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio အစီအစဉ်များကိုလည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၄)
- မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား DVB-T2 စနစ်တွင် HD Quality ရုပ်သံ(၂)လိုင်းမှ (၉) လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၁)လိုင်းဖြင့် အဆင့်မြှင့်တင်ထုတ်လွှင့်မှုနှင့် MRTV DTH Platform တွင် ရုပ်သံ(၇)လိုင်းမှ (၁၂) လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၉)လိုင်း ထုတ် လွှင့်မှုတို့အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့။
- MRTV အနေဖြင့် တိုင်းရင်းသားဘာသာစကား(၁၈)မျိုး အပါအဝင် စုစုပေါင်းဘာသာစကား (၂၀) မျိုးနှင့် ထုတ်လွှင့်လျက်ရှိ။
- ယနေ့နိုင်ငံတော်တွင် ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး နိုင်ငံကိုချောက်ထဲရောက်အောင် တွန်းပို့နေသော ယုတ်ညံ့သည့်မီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူများဆင်းရဲဒုက္ခများစွာ ရောက်နေရခြင်းဖြစ်။
- အဆိုပါအဖျက်အမှောင့်လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးခြင်းကြောင့် ပြည်သူလူထုအားလုံးက သိရှိနားလည်ကြရန် သတင်းတုသတင်းမှားများကို တုံ့ပြန်ခြင်း၊ သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေးခြင်း၊ အသိပညာပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားကြရန် မှာကြားလို။
Add new comment