မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် သရက်မြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်

         ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌လည်းကောင်း၊ ရမည်းသင်းမြို့ရှိ ခရိုင်အားကစားကွင်း၌လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့ရှိ မြို့နယ်ဘောလုံးကွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ မြို့နယ်အားကစားကွင်း၌လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြပါသည်။

အဆိုပါကြိုဆိုထောက်ခံပွဲအသီးသီးသို့ တက်ရောက်ခဲ့သည့် သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံးစစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၄)

 

  • မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် သရက်မြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့။
  • အဆိုပါကြိုဆိုထောက်ခံပွဲအသီးသီးသို့ တက်ရောက်လာသူများကဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့ကြေးကြော်သံများနှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက် ဆန္ဒထုတ်ဖော်ခဲ့။

 

Add new comment