နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီးနိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ရာတွင်-

  • တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်းဆောင်ရွက်ရန်လိုကြောင်း။
  • ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန်လိုပြီး ပါတီတွင်းဒီမိုကရေစီတည်ဆောက်ရန်လည်းလိုကြောင်း၊ ပါတီကိုဦးဆောင်သူမရှိသဖြင့်ပါတီယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများမဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း။
  • အချို့သောမြို့နယ်များ၌ လုံခြုံရေးအရ ပါတီလှုပ်ရှားမှုများ ဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့လုပ်နိုင်သည့်အခြေအနေတွင်ရှိ သည့်ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း။
  • ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း။
  • နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိကအရေးအကြီးဆုံး ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ပါဝင်ဆောင်ရွက်ရမည့် နိုင်ငံ၏စီးပွား‌ရေးတိုးတက်စေရန်၊ ပညာရေးမြှင့်တင်ပေးရန်နှင့် တည်ငြိမ် အေးချမ်းစေရန် ဆိုသည့် အချက်သုံးခုရှိကြောင်း။
  • နိုင်ငံ၏ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးဖြစ်သည့်အတွက် ပါတီများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ်ခံယူ၍ ပါတီများအနေဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
  • အနာဂတ်နိုင်ငံတော်ကို ပညာတတ်လူသားအရင်းအမြစ်များဖြင့် တည်ဆောက်နိုင်ရေးအတွက်လည်း ပါတီများအလိုက် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လက်ရှိအချိန်၌လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အချို့သော နယ်မြေများ၌ ကျောင်းနေအရွယ်ကလေးငယ်များစွာ၏ ပညာရေး များစွာထိခိုက် နစ်နာနေရကြောင်း။
  • နိုင်ငံရေးပါတီများအနေဖြင့် ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ကောင်းမွန်သည့်လမ်းကြောင်းပေါ်မှ မြှင့်တင်ပေးနိုင်ရေး၊ လမ်းညွှန်ပေးနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပါတီများအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက်ရာတွင် စီးပွားရေးအရ၊ ပညာရေးအရ မြှင့်တင်မှုအခန်းကဏ္ဍ၌ ပါဝင်လာစေရေး တိုက်တွန်းပြောကြားရခြင်းဖြစ်ကြောင်း။
  • တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်ဖြင့် လက်နက်ကိုင်တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း။
  • လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ပေါ်လာစေရေး အတွက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း။
  • အဆိုပါဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း။
  • အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် စတင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံရေးပါတီများ၊ တိုင်းသူပြည်သားများအားလုံးပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးရာတွင်-

  • နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးကဏ္ဍများအတွက် လွှတ်တော်များတွင် ပါဝင်ဆောင်ရွက်ကြရသဖြင့် ဥပဒေကို ပိုမိုနားလည်သိရှိရန်လိုကြောင်း၊ ပါတီတွင်းနှင့် ပါတီများစည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန်လိုအပ်ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်လိုကြောင်း။
  • တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသဖြင့် မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းအားကို ဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထင်မြင်ချက်များ များစွာပေးကြကြောင်း၊ ၎င်းအတွက် ပြည်သူများအသိပညာအားကောင်းစေရေး ပညာရေးအားကောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာအားကောင်းပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ မွေးထုတ်ပေးနိုင်ရေး အချိန်ပေး၍ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
  • လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိရန်လိုကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ဒို့တာဝန်အရေးသုံးပါးကို အလေးထားမည်ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများနှင့် အသိဉာဏ်အားနည်းပါးမှုများကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိုထိခိုက်စေလျက်ရှိကြောင်း၊ နိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေမည့်လုပ်ရပ်များ မလုပ်ဆောင်မိစေရေး သတိထားဆောင်ရွက်ကြစေလိုကြောင်း။
  • လက်ရှိအချိန်သည် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၄)

 

  • ပါတီများသည်ခိုင်ခိုင်မာမာဖြစ်ရန်လိုပြီး ပါတီတွင်းဒီမိုကရေစီတည်ဆောက်ရန်လည်းလို၊ ပါတီကိုဦးဆောင်သူမရှိသဖြင့် ပါတီယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများမဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလို။
  • ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်။
  • နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိကအရေးအကြီးဆုံးဖြစ်။
  • ပါတီများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ်ခံယူ၍ ဆောင်ရွက်ကြရန်လိုသကဲ့သို့ အနာဂတ်နိုင်ငံတော်ကို ပညာတတ်လူသားအရင်းအမြစ်များဖြင့် တည်ဆောက်နိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်ပေးကြရန်လို။
  • ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်။
  • နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့၊ အဆိုပါဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လို၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်။
  • အရန်တပ်ဖွဲ့ဥပဒေအာဏာတည်သည့်အမိန့်ကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် စတင်ထုတ်ပြန်မည်ဖြစ်၊ စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွား မည်ဖြစ်။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
  • နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးကဏ္ဍများအတွက် လွှတ်တော်များတွင် ပါဝင်ဆောင်ရွက်ကြရသဖြင့် ဥပဒေကို ပိုမိုနားလည်သိရှိရန်လို၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန်လိုအပ်ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်လို။
  • တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသဖြင့် မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ ပြည်တွင်းအားကို ဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်။
  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအသိပညာအားကောင်းစေရေး ပညာရေးအားကောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်၊ အသိပညာအားကောင်းပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ မွေးထုတ်ပေးနိုင်ရေး အချိန်ပေး၍ဆောင်ရွက်ရမည်ဖြစ်။
  • လက်ရှိအချိန်သည် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ။

Add new comment