ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို အသီးသီးဖတ်ကြားခြင်း၊ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုစသည့် ပြခန်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့နှင့် သက်ဆိုင်သည့် ပြခန်းများအား လိုက်လံကြည့်ရှုခြင်း၊ ဆုရရှိကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် တက်ရောက်လာသူများအား တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။
စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီးနောက် ၎င်းနှင့်အဖွဲ့သည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအတိုင်း နေထိုင်ကြစေလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ဖြင့် ထမ်းဆောင်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၂-၂၀၂၄)
- တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ အသီးသီးတို့တွင် ကျင်းပပြုလုပ်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများအား တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့။
- စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့။
Add new comment