ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Chery Holding Group Co.,Ltd နှင့် Rich Resource International Investment Co.,Ltd တို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေဆုံ

         ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၁၈ ရက်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေး၊ ဗီဇာဖြေလျှော့ပေးရေး၊ တရုတ်ခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှုလွယ်ကူချောမွေ့ စေရေးတို့အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ မြန်မာ နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံလိုသူများကို ဖိတ်ခေါ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ခရီးသွား ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အဆင့်မြင့်အရာရှိ ကြီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ နယ်ရုံးခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တရုတ် ခရီးသွားများ ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားခွင့်ပြုသည့် နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံ ပါရှိသည့်အတွက် ဝင်ရောက်လာမည့် တရုတ်ခရီးသွားဧည့်သည်များ အဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲ့မှုဆိုင်ရာကိစ္စရပ်များကို အဆင်သင့်ဖြစ်နေစေရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံနှင့် ဒေသတွင်း နိုင်ငံများနှင့် မျှော်မှန်းခရီးသွား ဈေးကွက်နိုင်ငံများက ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် ဗီဇာဖြေလျှော့ပေးရေး၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ စီစဉ်ရေး၊ ခရီးသွားမြှင့်တင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၉-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ ဆုံခဲ့ပြီး တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေး၊ ဗီဇာဖြေလျှော့ပေး ရေး၊ နှစ်နိုင်ငံ ခရီးသွားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများ ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားခွင့်ပြုသည့် နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံ ပါရှိသည့်အတွက် ဝင်ရောက် လာမည့် တရုတ်ခရီးသွားဧည့်သည်များ အဆင်ပြေစွာ လာရောက်လည်ပတ်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိ။

 

Add new comment