အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်တွင် ရန်ကုန်မြို့ ရွှေဘုံသာလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက-
-
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံဗဟိုဘဏ် (RBI) နှင့်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း၊
-
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက်ပို့ကုန် အများဆုံးတင်ပို့သည့်နိုင်ငံနှင့် ဆဋ္ဌမမြောက်သွင်းကုန် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊
-
အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့(အေစီယူ) အဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်ကြောင်း၊ “အိန္ဒိယ -မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline)” အား ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ပေးချေမှုများ စတင်နိုင်ပြီဖြစ်ကြောင်း၊
-
အကျိုးကျေးဇူးအနေဖြင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း၊
-
ကုန်သည်ကြီးများအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက် ရူပီး၊ ကျပ်ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့် ဘဏ်များဖြစ်သည့် ပန်ဂျပ်နေရှင်နယ်လ်ဘဏ်၊ စီဘီဘဏ်နှင့် ယူအေဘီဘဏ်တို့က Rupee/ Kyat Trade Settlement Mechanism ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Shri Vinay Kumar၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် အသင်းအဖွဲ့များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ်များဖြစ်သည့် ပန်ဂျပ်နေရှင်နယ်လ်ဘဏ်၊ စီဘီဘဏ်နှင့် ယူအေဘီဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၂-၂၀၂၄)
-
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက်ပို့ကုန် အများဆုံးတင်ပို့သည့်နိုင်ငံနှင့် ဆဋ္ဌမမြောက်သွင်းကုန် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်။
-
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုများ စတင်နိုင်ပြီဖြစ်။
-
အကျိုးကျေးဇူးအနေဖြင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများရရှိစေမည်ဖြစ်။
-
ကုန်သည်ကြီးများအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင်မည်ဖြစ်။
Add new comment