၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်တောင်ဘက်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြခန်းတာဝန်ခံများနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက် ခဲ့ကြပါသည်။
MSME ထုတ်ကုန် အရောင်းပြခန်းများအနေဖြင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန ထုတ်ကုန်အရောင်းပြခန်း၊ စက်မှုဝန်ကြီးဌာန ထုတ်ကုန်အရောင်းပြခန်း၊ နေပြည်တော်ကောင်စီနယ်မြေ ထုတ်ကုန်အရောင်းပြခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ထုတ်ကုန်အရောင်းပြခန်း ၁၄ ခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ထုတ်ကုန်အရောင်းပြခန်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ထုတ်ကုန်အရောင်းပြခန်းများအပြင် တိုင်းရင်းသားရိုးရာ အစားအသောက်အရောင်းဆိုင်ခန်းများအနေဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာအစားအသောက်ပြခန်း ၁၉ ခန်းတို့ကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၀ နာရီထိ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါသည်။
အဆိုပါအရောင်းပြခန်းများတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေသည့် တေးသီချင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပွဲတော်လာ ပြည်သူများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၂-၂-၂၀၂၄)
- (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့။
- အဆိုပါပွဲတော်တွင် MSME ထုတ်ကုန်အရောင်းပြခန်း ၃၄ ခန်းနှင့် ရိုးရာအစားအစာပြခန်း ၁၉ ခန်းပါဝင်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၀ နာရီထိ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချလျက်ရှိ။
Add new comment