ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့ ရက်သတ်မှတ်

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်အမိန့် ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ စတင်အာဏာသက်ဝင်လာပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ယခုကဲ့သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း” သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး လိုအပ်သည့်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ပေး သွားမည်ဟု သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၂-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်းသတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့။

Add new comment