လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံရာ ပေးဆောင်ခြင်းမရှိ၍ အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲ

            ဖေဖော်ဝါရီလ ၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ်မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ  ဦးဆေးပလယ်(၂၇)နှစ်တွင် ယာလက်ကောက်ဝတ်မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသူ မချောစုအောင်(၁၈)နှစ်တွင် လည်ပင်းအရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ညိုသကြီးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပါသည်။

စိစစ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် KIO/KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့လိပ်မူပြီး ၎င်းတို့အဖွဲ့ထံ ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်မီအခွန်ငွေအား မပျက်မကွက်လာရောက် ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ်ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်းကြားစာအား လာရောက်ပေးပို့ခဲ့ပြီး ဟိုတယ်မှပေးသွင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

အစွန်းရောက် လက်နက်ကိုင်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများနှင့် ရိုးသားစွာ စီးပွားရှာဖွေလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား လက်နက်အားကိုး၍ နိုင့်ထက်စီးနင်းဖြင့် အကြမ်းဖက်မှုများ၊ သတ်ဖြတ်ခြင်း၊ လုယက်ဓါးပြတိုက်ခြင်းတို့အား အခွန်ကောက်ခံသည်ဟု အကြောင်းပြကာ မတရားဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏လိုလားချက်အပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိပါက လူပြန်ပေးဆွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းစသည့် လူမဆန်သည့် လုပ်ရပ်များအား ပြုလုပ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိုးမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ၅၀(ဈ)/ ၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၄)

 

  • လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံရာပေးဆောင်ခြင်းမရှိ၍ အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ။

Add new comment