နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ (၇၇) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်

         (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်နေ့ မိန့်ခွန်း အား ပြောကြားခဲ့ပါသည်။ ထို့နောက် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ ပြခန်းများ ဖွင့်ပွဲကျင်းပရာ ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒေါက်တာ စိုးဝင်း၊ Jeng Phang နော်တောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိ ရပါသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများ၊ စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူများ၊ မွေးမြူရေးဆိုင်ရာထူးချွန်ဆုရရှိသူများ၊ လူမှုရေးဆိုင်ရာထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများကို ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများအားလည်းကောင်း၊ ၂၀၂၃ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတွင် မီးပုံးပျံဓာတ်ပုံပြိုင်ပွဲဆုရရှိသူများကို ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု များအားလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရှမ်းပြည်နယ်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လက်ခံရယူခဲ့ပါသည်။ အလားတူ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားများအား လားရှိုးမြို့နှင့် ကျိုင်းတုံမြို့များတွင်လည်း ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၄)

 

 

  • (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့။
  • အခမ်းအနားတွင် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူး ဆောင်ဆုနှင့် ထူးချွန်ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ရှမ်းပြည်နယ် နေ့ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့။

 

 

 

 

Add new comment