ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ဖေဖော်ဝါရီလ ၇ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်ရှိ ရုံး အမှတ် (၁၈) အစည်းအဝေးခန်းမ၌ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားရာတွင်-

  • နိုင်ငံတော်နှင့် ပြည်သူများ၏ အထွေထွေလုပ်ငန်းများဆောင်ရွက်ရာတွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်စွာ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားကြောင်း။
  • စက်သုံးဆီတင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကိုလည်း စိစစ်ခွင့်ပြုလျက်ရှိပြီး အများပြည်သူ လုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် တရားမဝင် စက်သုံးဆီရောင်းချမှုမရှိစေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်သူများ ခရီးသွားလာရာတွင် နီးစပ်ရာ စက်သုံးဆီအရောင်းဆိုင်၌ လိုအပ်သော စက်သုံးဆီအမျိုးအစားကို အလွယ်တကူဝယ်ယူနိုင်ရန် မိမိရောက်ရှိနေသည့် နေရာမှ မိုင် ၃၀ အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့် ဌာနများကလည်း စက်သုံးဆီအရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှုစစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း။
  • အဆိုပါ Application ကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၀၇ ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်တွင်းဈေးကွက်၌ အခြေခံစားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လိုအပ်ချက်များကို စိစစ်ဖြန့်ခွဲပေးလျက်ရှိကာ ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။
  • စက်မှုဇုန်များအတွက် လိုအပ်သော စက်သုံးဆီများကို စက်သုံးဆီဆိုင်များမှ ရောင်းချပေးနိုင်ရေး၊ စက်ရုံများလည်ပတ်နိုင်ရေးအတွက် အလုပ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေး၊ စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများ တင်သွင်းရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။
  • ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ပို့ကုန်ရငွေပမာဏ (၅၀ : ၅၀) ရာခိုင်နှုန်းအစား (၃၅ : ၆၅) ရာခိုင်နှုန်းကို အဆင့်ဆင့် ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း။
  • ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရော်ဘာတင်ပို့မှုမှ ရရှိသော ပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း။
  • ထို့ပြင် လယ်ယာထွက်ကုန်တင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ကြောင်း။
  • ပြည်တွင်း / ပြည်ပကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၄)

 

  • နိုင်ငံတော်နှင့် ပြည်သူများ၏ အထွေထွေလုပ်ငန်းများဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်စွာ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ။
  • ပြည်သူများ ခရီးသွားလာရာတွင် မိမိရောက်ရှိနေသည့်နေရာမှ မိုင် ၃၀ အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို အလွယ်တကူရှာဖွေဝယ်ယူနိုင်မည့်အပြင် စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှုစစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိ။
  • စက်မှုဇုန်များအတွက် လိုအပ်သော စက်သုံးဆီများကို စက်သုံးဆီဆိုင်များမှ ရောင်းချပေးနိုင်ရေး၊ စက်ရုံများလည်ပတ်နိုင်ရေးအတွက် အလုပ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေး၊ စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများ တင်သွင်းရာ၌ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး၊ LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ပို့ကုန်ရငွေပမာဏ (၅၀ : ၅၀) ရာခိုင်နှုန်းအစား (၃၅ : ၆၅) ရာခိုင်နှုန်းကို အဆင့်ဆင့် ဖြေလျှော့ဆောင်ရွက်ပေးခဲ့။

 

Add new comment