နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား

      (၇၅)နှစ်မြောက်စိန်ရတု အမြောက်တပ်ဖွဲ့နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များအပေါ် “ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်” ဆိုသည့် အမြောက်တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။
  • အင်းစိန်ကို ကရင်သူပုန်တို့ ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း အမြောက်တပ်ဖွဲ့ ကို ဗိုလ်ကြီးရဲထွန်းနှင့် စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်းပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင်အမိန့်ထုတ်ဖွဲ့စည်းစေခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို အမြောက်တပ်ဖွဲ့၏ သန္ဓေတည်ပေါက်ဖွားရာ တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ခြင်းကြောင့် ယနေ့ဆိုပါက (၇၅)နှစ်ဆိုသည့် စိန်ရတုကာလကိုရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
  • နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေးတိုက်ပွဲများအထိ “လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာသို့၊ လိုအပ်သောကျည်အရေအတွက် ကျရောက်ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း။
  • အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့၏ မူလတာဝန်များကိုသာမက တပ်မတော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
  • ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ ပြောငမြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ရှိမှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။
  • အမြောက်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအမြောက် လက်နက်များ၊ ခဲယမ်းများနှင့်အမြောက် တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင်ပေး နေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့လည်း ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံး တပ် အမြဲတမ်းဖြစ်နေစေရေး တပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းကြ ရန် မှာကြားလိုကြောင်း။
  • အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသည့် မိမိတို့၏တပ်ဖွဲ့ ဆောင်ပုဒ်များ၊ ကြွေးကြော်သံများအတိုင်း ထိန်းသိမ်းဆောင်ရွက်ကြပြီး ကျရာတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားရင်း (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့မှသည် နောင်လာမည့် ရတုများစွာ တိုင်အောင် စွမ်းရည်ထက်မြက်သည့်တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့်ပြောကြားခဲ့။

(၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစား အမြောက်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၂-၂၀၂၄)

 

  • အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များအပေါ် ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်ဆိုသည့် အမြောက်တပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက်ဂုဏ်ယူမိ။
  • နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေးတိုက်ပွဲများအထိ “လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာသို့၊ လိုအပ်သောကျည်အရေအတွက် ကျရောက် ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ်ခတ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူ။
  • စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့် လက်ရုံးတပ် အမြဲတမ်းဖြစ်နေစေရေး တပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် မှာကြားလို။

Add new comment