အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ Dark Side Revolution Burma - DSRB အမည်ခံအကြမ်းဖက်အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ခမ်းအနားကျင်းပမည့်ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ခကျေးရွာအနီး ပဲခူး-သနပ္ပင် လမ်းဆုံ၌ ယာဉ်အမှတ်၊ RLG-4563 Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ DSRB အမည်ခံအကြမ်းဖက်အဖွဲ့ ဝင်များဖြစ်သည့် ထက်နောင်နောင် (ခ)နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဥူးသောဘန(ခ) သာကျော်ဌေးတို့ ၆ ဦးအား KIA အဖွဲ့မှထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်ရှိ ၎င်း၏ နေအိမ်ခြံဝန်းအတွင်း၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ DSRB အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံပြေး ရှိုင်းဝေ (ခ) RI မှ ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စေခိုင်းခဲ့၍ ၎င်းထံမှ အဆိုပါဒုံးများယူဆောင်၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်နေရာများအား ပစ်မှတ်ထား ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၂-၂၀၂၄)
- ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင် တရားခံကျား ၅ ဦး၊ မ ၁ ဦးတို့အား KIA အဖွဲ့မှထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment