နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

       ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄)ကို ဇန်နဝါရီလ ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-

  • မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် နိုင်ငံရေးအရ အားနည်းချက်များရှိခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံ၏အခြေအနေကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း။
  • နိုင်ငံတစ်ခုတိုးတက်စေရန်အတွက် မောင်းနှင်အားများဖြစ်သည့် နိုင်ငံရေးအား၊ စီးပွားရေးအားနှင့် ကာကွယ်ရေးအားများ ကောင်းမွန်နေရန်လိုကြောင်း။
  • ကာကွယ်ရေးနှင့်ပတ်သက်၍ စွမ်းရည်ရှိသည့် ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဟုနှစ်ခုရှိကြောင်း၊ စွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ စွမ်းအားရှိရန်အတွက် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံး စွမ်းအားရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း။
  • ခေတ်စနစ်နှင့်ကိုက်ညီသည့်ပစ္စည်းများကို အသုံးပြုနိုင်ရန်လိုကြောင်း၊ စွမ်းရည်ရှိ သည့်ကာကွယ်ရေး စွမ်းအားရှိသည့်ကာကွယ်ရေးဖြစ်စေရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • နိုင်ငံတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ရေခံမြေခံကောင်းများရှိခြင်းကြောင့် ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
  • MSME လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတွင် အခရာကျသည့်နေရာ၌ရှိပြီး အရေအတွက်မဟုတ်ဘဲ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရန် လိုကြောင်း။
  • ပညာရေးကဏ္ဍတိုးတက်စေရေးအတွက် ပညာရေးဝန်ထမ်းများကို ချီးမြှင့်မြှောက် စားခြင်း၊ စားဝတ်နေရေးအဆင်ပြေအောင်  ဆောင်ရွက်ပေးခြင်း၊ ၎င်းတို့၏အရည်အသွေးများ မြှင့်တင်ပေးခြင်းတို့ဖြင့် မြှင့်တင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံ့ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်လာပါက အပေါ်ယံမကြည့်ဘဲ လေးလေးနက်နက် စဉ်းစား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ်ဟူသည့် စကားရပ်ကိုသိရှိရန်လိုကြောင်း၊ ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို တာဝန်ခွဲဝေပေးခြင်းဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ်ကြောင်း၊
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များကို လုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖက်ဒရယ်အပေါ်တွင် ယုံကြည်မှုများ လျော့နည်းလာခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့်၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည် အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးများက နှစ်အလိုက်ပြည်ထောင်စု၏အရအသုံး ခန့်မှန်း ခြေငွေစာရင်းအခြေအနေ၊ မဲစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာ စာမေးပွဲများကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ပြီးစီးမှု၊ နှစ်အလိုက် ပို့ကုန်/သွင်းကုန် အခြေအနေ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိမှုနှင့် အားကစားကဏ္ဍမြင့်မားရေး အားပေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့်အသုံးချရန် လိုကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းသည် မိမိတို့အတွက် အရေးကြီးသည့်လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရေး အားပေးဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍမြင့်မားရေးအတွက်လည်း အားလုံးက ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

  • ဝန်ကြီးဌာနအလိုက်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တာဝန်ရှိသူများအနေဖြင့် မိမိတို့၏တာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ အပေါ်အခြေခံ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • အချို့သောဒေသများသည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့သည် ပြည်ထောင်စုဖြစ်သည့်အတွက် ၎င်းတို့ ဒေသများကိုလည်း ချန်လှပ်ထား၍ ရမည်မဟုတ်ဘဲ ၎င်းတို့ဒေသနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
  • ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၂-၂၀၂၄)

 

  • မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်။
  • နိုင်ငံတစ်ခုတိုးတက်စေရန်အတွက် မောင်းနှင်အားများဖြစ်သည့် နိုင်ငံရေးအား၊ စီးပွားရေးအားနှင့် ကာကွယ်ရေးအားများ ကောင်းမွန်နေရန်လို။
  • နိုင်ငံ့ပညာရေးမြှင့်တင်မှုနှင့် ပတ်သက်လာပါက အပေါ်ယံမကြည့်ဘဲ လေးလေးနက်နက် စဉ်းစား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ်ဟူသည့် စကားရပ်ကိုသိရှိရန်လို၊ ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို တာဝန်ခွဲဝေပေးခြင်းဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့်၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည်အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန်လို။

Add new comment