နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာတွင် -

  • မိမိတို့နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် NCA လက်မှတ်ရေးထိုးထား သော EAO အဖွဲ့များအနက် KNU မှ သဘောထားတင်းမာသူအချို့၊ CNF နှင့် ABSDF တို့သည် အကြမ်းဖက်လမ်းစဉ်တွင် ပါဝင်ခဲ့ပြီး လက်မှတ်ရေးထိုးမထားသည့်အဖွဲ့ များထဲမှ KIA အဖွဲ့အနေဖြင့်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲသည့် သင်တန်းများသင်ကြားပေးပြီး လက်နက်/ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း။
  • KNPP အဖွဲ့အနေဖြင့်လည်း ဆူပူအကြမ်းဖက်မှုကို လိုလားသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို အကြမ်းဖက်သင်တန်းများသင်ကြားပေးခြင်းနှင့် လက်နက်ခဲယမ်းများထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များဖော်လာခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကိုထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံရေးရည်မှန်းချက်နှင့် အမျိုးသားရေးရည်မှန်းချက်များကို မဏ္ဍိုင်ပြု၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည် ဟု ချမှတ်ထားကြောင်း။
  • ဒုတိယအချက်အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချမှတ်ထားကြောင်း။
  • တတိယအချက်အနေဖြင့် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည် ဟု ချမှတ်ထားကြောင်း။
  • စတုတ္ထအချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ချမှတ်ထားကြောင်း။
  • ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်းဖြတ်သန်းခဲ့ရသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍသုံးရပ်ကိုကြည့်ပါက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ပေးအပ်ထားသော်လည်း ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း။
  • ဥပမာအားဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများတွင် လွှတ်တော်တွင်လည်း ပြင်ဆင်ရေးနှင့်ပတ်သက်၍ မှတ်တမ်းသာတင်နိုင်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မလုပ်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လက်ရှိဆောင်ရွက်နေသည့်အုပ်ချုပ်မှုပုံစံများတွင် လုပ်ပိုင်ခွင့်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရန်လိုကြောင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသော ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်း၍ လုပ်ဆောင်၍ရကြောင်း၊ သို့သော်လည်း ဥပဒေပြဋ္ဌာန်းမှုများကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့လုပ်ပိုင်ခွင့်အလိုက် အပြည့်အဝလုပ်ဆောင်ခြင်းမရှိသည့်အပေါ်  အားမလို အားမရ ဖြစ်လာကြပြီး လုပ်ပိုင်ခွင့်များပေးရန် တောင်းဆိုလာကြခြင်းဖြစ်ကြောင်း။
  • လုပ်ပိုင်ခွင့်များကို အသုံးချရာတွင်လည်း ဒေသနှင့်ဒေသခံများ၏အကျိုးကိုသာ ဖော်ဆောင်ပေးရန်ဖြစ်ပြီး လူနည်းစု၏ အကျိုးစီးပွားအတွက် အသုံးချခြင်းမဖြစ်စေရန်လိုကြောင်း။
  • လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ယခုကဲ့သို့ အကျယ်တဝင့်ရှင်းပြနေရခြင်းမှာ  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် လုပ်ပိုင်ခွင့်များသည် အလွန်အခရာကျခြင်းကြောင့်ဖြစ်ကြောင်း။
  • ပဉ္စမအချက်အနေဖြင့် မဲပေးခွင့်ရှိသူများအားလုံး၏ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်စေရေးပင်ဖြစ်ကြောင်း။
  • ရွေးကောက်ပွဲဖြစ်မြောက်စေရေးအတွက် မိမိတို့အနေဖြင့် အခြေအနေဖန်တီးပေးရမည်ဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရမည်၊ မဲစာရင်းများ မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မဲဆန္ဒရှင်များ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏မည်သည့်အရပ်ဒေသရှိမြို့ပြနှင့် ကျေးလက်တွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတိုင်းသည် အခွင့်အရေးတန်းတူ ရရှိရမည်ဖြစ်ကြောင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက်ပွဲကို ဆောင်ရွက်ရမည်ဖြစ်ကာ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
  • အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်၍ ရွေး ကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် လွှတ်တော်သို့ သွားရမည်ဖြစ်ကြောင်း။
  • တိုင်းပြည်အနာဂတ်အတွက် ပညာရေးကိုလည်း အားပေးမြှင့်တင်သွားရမည် ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာမရှိပါက နိုင်ငံရေး၊  စီးပွားရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ အနာဂတ်ကို ကောင်းမွန်စေလိုပါက ပညာရေးကို ကောင်းအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၂-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံရေးရည်မှန်းချက်နှင့် အမျိုးသားရေးရည်မှန်းချက်များကို မဏ္ဍိုင်ပြု၍ ရှေ့လုပ်ငန်းစဉ်()ရပ်ချမှတ်ဆောင်ရွက်လျက်ရှိ။
  • ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်းဖြတ်သန်းခဲ့ရသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍသုံးရပ်ကိုကြည့်ပါက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ပေးအပ်ထားသော်လည်း ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။
  • လုပ်ပိုင်ခွင့်များကို အသုံးချရာတွင် ဒေသနှင့်ဒေသခံများ၏ အကျိုးကိုသာ ဖော်ဆောင်ပေးရန်ဖြစ်ပြီး လူနည်းစု၏ အကျိုးစီးပွားအတွက် အသုံးချခြင်းမဖြစ်စေရန်လို။
  • မဲဆန္ဒရှင်များ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏မည်သည့်အရပ်ဒေသရှိမြို့ပြနှင့် ကျေးလက်တွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတိုင်းသည် အခွင့်အရေးတန်းတူ ရရှိရမည်ဖြစ်။
  • အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်၍ ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် လွှတ်တော်သို့သွားရမည်ဖြစ်။

Add new comment