( ၈)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

      (၈) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (8th ASEAN Ministerial Meeting on Drug Matters - AMMD)ကို  သြဂုတ်လ ၁၀ ရက် မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်    ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် ခြောက်ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က-

  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက် ခွန်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး အထူးစစ်ဆင်ရေးများကို  စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုတို့ကြောင့် မူးယစ် ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့် ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း။
  • ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အ စည်းများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံ တစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံးပူးပေါင်းဆောင်ရွက်မှု သည် အလွန်အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နိုင်ငံရေး ရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
  • ယခုအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အတွေ့အကြုံကောင်းများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက် သွားမည့်အစီအစဉ်ကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည် ကြောင်း၊ အနာဂတ်တွင် မူးယစ်ဆေးဝါးကင်းစင်သော အာဆီယံအသိုက်အဝန်း ဖြစ်စေရေး အားလုံးအတူတကွ လက်တွဲကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ပြော ကြားခဲ့။

အစည်းအဝေး၌ အာဆီယံကိုယ်စားလှယ်ခေါင်းဆောင်များက (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင်(CND)အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ၊ အာဆီယံ၏ လတ်တ လော မူးယစ်ဆေးဝါးအခြေအနေများ၊ (၄၄)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့်နောက်ဆက်တွဲ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ ဖြစ်စေရေး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အာဆီယံလုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍   ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ထိန်း ချုပ်ရေး လုပ်ငန်းများတွင်  ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။

    အစည်းအဝေးအပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Pol. Gen. Vilay Lakhamfong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Bilateral တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံနှင့် ပြည်ထဲရေးဝန်ကြီး ဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအို ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် နားလည် မှုစာချွန်လွှာအရ နှစ်စဉ်အပြန်အလှန် အစည်းအဝေးများ ပြန်လည်စတင်ဆောင်ရွက် နိုင်ရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက် မှောင်ခိုမှုနှင့် လိမ်လည်ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများနှင့်   ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံးပြန်လည်ဖွင့်လှစ်၍   နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ ဆောင်ရွက် ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၃)

 

  • မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင် ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံးပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီး ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် လိုအပ်မည်ဖြစ်။
  • အစည်းအဝေး၌ အာဆီယံကိုယ်စားလှယ်ခေါင်းဆောင်များက  ဘေးကင်းလုံခြုံ သော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဆီယံလုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၅) နှင့်ပတ်သက်၍   ပြန်လည်သုံးသပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • မြန်မာနှင့် လာအိုကိုယ်စားလှယ်အဖွဲ့တို့ Bilateral တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် ပြည်ထဲရေးဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု နှင့် လိမ်လည်ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများနှင့်   ချစ်ကြည်ရေးတံတားတို့အား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်၍   နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ ဆောင်ရွက်ရန် တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment