အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ဇန်နဝါရီလ ၃၁ ရက်၊ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ပိန်းဇလုပ်ဘူတာမှ ထွက်ခွာခဲ့ရာ ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါးဘူတာအကြား မိုင်တိုင်အမှတ် ၁၀၃/ ၁၂ - ၁၃ သို့အရောက် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းနောက်ကပ်လျက် ကုန်တွဲသုံးတွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့ပါသည်။
ရထားလမ်းချော်မှုကြောင့် နံနက် ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မှ ထွက်ခွာလာသော အမှတ် (၁၁) အဆန်လူစီးရထားသည် ညောင်လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရပြီး မြန်မာ့မီးရထားက အဆိုပါရထားပေါ်ပါ ခရီးသည် ၂၀၈ ဦးအား မော်တော်ယာဉ်များဖြင့် တောင်ငူဘူတာသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့အပြင်တောင်ငူဘူတာသို့ ရောက်ရှိနေသည့် အမှတ် (၁၂) အစုန်ရထားနှင့် အမှတ် (၂) အစုန်ရထားတို့ဖြင့် လိုက်ပါလာသော ခရီးသည် ၂၅၂ ဦးအား မော်တော်ယာဉ်များဖြင့် ညောင်လေးပင်ဘူတာသို့ ပို့ဆောင်ပေးခဲ့ရပါသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့် တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း အကြိမ် ၁၃၀၊ ရထား/တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ်ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး၊ ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက် ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၂-၂၀၂၄)
- အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပိန်းဇလုပ်ဘူတာမှ ထွက်ခွာရာ ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါးဘူတာအကြား မိုင်တိုင်အမှတ် ၁၀၃/ ၁၂ - ၁၃ သို့အရောက် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းနောက်ကပ်လျက် ကုန်တွဲသုံးတွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့။
Add new comment