လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျုံဒိုးမြို့နှင့် လှိုင်းဘွဲ့မြို့တို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် သွားရောက် အားပေးစကားပြောကြားခဲ့ပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ပါသည်။
ထိုသို့ ပေးအပ်ရာတွင် ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုမှ အိမ်ထောင်စု ၇၀၄ စု၊ လူဦးရေ ၃,၄၇၀ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၁,၂၃၀,၀၀၀ နှင့် ငွေကျပ် ၂,၂၆၂,၁၄၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ၊ ကျုံဒိုးမြို့ရှိ ရေဘေးကယ် ဆယ်ရေးစခန်း ၃ ခုမှ အိမ်ထောင်စု ၁၇၂ စု၊ လူဦးရေ ၇၅၂ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၆,၇၆၈,၀၀၀ နှင့် ငွေကျပ် ၈၄၂,၂၄၀ ကျပ်တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများနှင့် လှိုင်းဘွဲ့မြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုမှ အိမ်ထောင်စု ၉၉၀ စု၊ လူဦးရေ ၄,၇၂၃ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၉,၆၇၃,၂၀၀ နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့ပါသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဩဂုတ်လ ၁၀ ရက်တွင် တောင်ပိုင်းတိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကူညီပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို ပဲခူးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့၊ ကျုံဒိုးမြို့နှင့် လှိုင်းဘွဲ့မြို့တို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်း ရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့။
- ပဲခူးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကူညီ ပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
Add new comment