ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေ လျှံခြင်း၊ မြေပြိုကျခြင်းများဖြစ်ပေါ်ခဲ့ရာ သြဂုတ်လ ၇ ရက်တွင် မြဝတီ–ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် (၁၄၉) နှင့် (၁၅၀) အကြား နေရာ၌ ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်း ကားလမ်းအရှည် ၁၅၀ ပေ ခန့်သည် ပဲ့ကျပျက်စီးခဲ့သဖြင့် ယာဉ်သွားလာမှုများအား ယာယီရပ်ဆိုင်းထားခဲ့ ရပါသည်။
အဆိုပါ အာရှလမ်းမကြီးမြေပြိုမှုနဲ့ပတ်သက်၍ သြဂုတ်လ ၉ ရက်တွင် ကရင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများပူးပေါင်း၍ အာရှလမ်းမြေသားပြိုကျသည့်နေရာတွင် တစ်လအတွင်း ယာယီဘေလီတံတားထိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လမ်းပန်းပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် လမ်းပြတ်ကျရာနေရာ၏ တစ်ဖက်တစ်ချက်စီတွင် ပေ (၃၀၀) ချဉ်းကပ်လမ်းသစ်ကို တောင်ဖြတ်ဖောက်လုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပင်မ လမ်းမကြီးပျက်စီးမှုများကိုမူ ပွင့်လင်းရာသီရောက်သည့်အခါတွင် တံတားဦးစီးဌာနမှ ဖြစ်ပေါ်လာနိုင်သည့် ရေအားပမာဏကိုတွက်ချက်ပြီး ရေထွက်ပြွန် (Culvert) သို့မဟုတ် တံတား(Bridge) တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းထဲတွင်ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာ နေသည့် လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့်ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် ခရီးသည် တင်ယာဉ်များ၊ အိမ်စီးယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှစားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့်အခြားပစ္စည်းများ တင်သွင်းနေသော လမ်းပိုင်းဖြစ်ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၃)
|
Add new comment