တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၆ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင်လက်နက်ကိုင်ဆောင်သည့် အဖွဲ့တစ်ဖွဲ့ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်း အောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းစသည့် ထိုင်းနိုင်ငံသား ၂ ဦး၊ ကျော်အေးထွန်း (ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်းနှင့် ညီနပ်စသည့် မြန်မာ နိုင်ငံသား ၅ ဦးတို့အား ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။
ထိုင်းနိုင်ငံသား ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ပြီး အလားတူ မြန်မာနိုင်ငံသား ကျော်အေးထွန်း(ခ)ကျော်ထွန်းအေးသည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁-၂၀၂၄)
- ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့အား ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment