နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက် တွင် ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အားဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြစ်ဒဏ်မှ လွတ်မြောက်လာကြသူများ၊ ပြစ်ဒဏ်မှ သက်သာခွင့်ရရှိသူများ၏ မိသားစု ဝင်များနှင့်အတူ ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း သဘောထားထုတ်ပြန်ထားပါသည်။
သတင်းထုတ်ပြန်ချက်
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက် နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေး နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/၂၀၂၃၊ ၄၉/၂၀၂၃၊ ၅၀/ ၂၀၂၃၊ ၅၁/ ၂၀၂၃၊ ၅၂/ ၂၀၂၃၊ ၅၃/ ၂၀၂၃ နှင့် ၅၄/၂၀၂၃ တို့ကို ထုတ်ပြန်ခဲ့ပါသည်။
၂။ ယင်းအမိန့်များအရ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးများက ပြစ်မှုထင်ရှား စီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၇/၂၀၂၁၊ ၇၁/ ၂၀၂၁၊ ၃၈/ ၂၀၂၁၊ ၄၅/ ၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ် ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ ဦးဝင်းမြင့်အား တရားရုံးများက ပြစ်မှုထင်ရှား စီရင်ပြီး ချမှတ်ခဲ့သည့်ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အကျဉ်း ထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၇,၇၄၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရပြစ်ဒဏ် များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးတို့အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခြင်း၊ အကျဉ်း ထောင်/ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်း သား/သူ ၁၂၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များ လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ် သိမ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုမှလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အမိန့်အမှတ် ၄၈/ ၂၀၂၃ နှင့် ၄၉/ ၂၀၂၃ တို့အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ပါ သည်။
၄။ နိုင်ငံခြားသားအကျဉ်းသား/သူ ၁၂၅ ဦးကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်း ခွင့်ပြုခြင်းသည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက် ရာ ရောက်သည်ဟု ရှုမြင်ပါသည်။
၅။ ဤဆောင်ရွက်မှုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူ့အခွင့်အရေး ဆိုင်ရာ အပြုသဘောဆောင်သောလုပ်ဆောင်ချက်ဖြစ်သည့်အပြင် လူသားချင်း စာနာ ထောက်ထားမှုကိုလည်း အလေးထားရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေပါသည်။ သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရရှိသူများအနေဖြင့်လည်း အသက်ရှင်သန်ခွင့် ရရှိကြပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်ရရှိသူများသည် မိသားစု ဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏စေတနာကို အလေးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ကော်မရှင် အနေဖြင့် ယုံကြည်ပါသည်။
၆။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း ပြစ်ဒဏ်မှ လွတ်မြောက်လာကြသူများ၊ ပြစ်ဒဏ်မှ သက်သာခွင့်ရရှိသူများ၏ မိသားစုဝင်များနှင့် အတူ ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက် တွင် ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်း အမှတ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ် ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၇,၇၄၉ ဦး၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ နိုင်ငံခြားသားအကျဉ်းသား/သူ ၁၂၅ ဦးတို့ကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့။
- ဤဆောင်ရွက်မှုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူ့အခွင့်အရေး ဆိုင်ရာ အပြုသဘောဆောင်သောလုပ်ဆောင်ချက်ဖြစ်သည့်အပြင် လူသားချင်း စာနာထောက်ထားမှုကိုလည်း အလေးထားရာရောက်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်။
- ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်ရရှိသူများသည် မိသားစုဝင်များ နှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏စေတနာကို အလေးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်။
Add new comment