KIA၊TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အုပ်စုဖွဲ့လျက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ ၁၈ ရက်မှစ၍ မိုးမိတ်မြို့ လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည့်အပေါ် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ (၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီလ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးမိတ်မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။
KIA၊ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများအား အကာအကွယ်ပြု၍ ဘန်ကာများ ဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယိုယွင်းပျက်စီးခဲ့ရသည့် မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁-၂၀၂၄)
- တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ (၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီလ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို မိုးမိတ်မြို့နှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်ရှိ နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယိုယွင်းပျက်စီးခဲ့ရသည့် မြို့များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ။
Add new comment