အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်နှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

      မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှု လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Rupee/Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက-

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန်၊ Exchange Rate Risk  များ လျော့နည်းစေရန်နှင့် ပြည်တွင်းငွေကြေးသုံးစွဲမှုကိုမြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက် (Guideline) အား သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များတောင်းခံ၍ ထုတ်ပြန်ပြီး ဖြစ်သည့်အတွက် ဖေဖော်ဝါရီလမှစ၍ ပေးချေမှုများ စတင်နိုင်တော့မည်ဖြစ်ကြောင်း။
  • ယခုကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသည့်  အမေရိကန်ဒေါ်လာလိုအပ်ချက် လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊ ရူပီး/ကျပ်ပေးချေမှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁-၂၀၂၄)

 

  • အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပခဲ့။
  • အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက် (Guideline) အား သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များတောင်းခံ၍ ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ဖေဖော်ဝါရီလမှစ၍ ပေးချေမှုများ စတင်နိုင်တော့မည်ဖြစ်။

 

Add new comment