နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်နေကြောင်း သတင်းပေးပို့မှုများအရ ဇန်နဝါရီလ ၂၃ ရက်စ၍ ရှောင်တခင် စစ်ဆေးရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှ တရုတ်နိုင်ငံသား ကျား ၁,၀၀၂ ဦး ၊ မ ၃၆ ဦး စုစုပေါင်း ၁,၀၃၈ ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း အွန်လိုင်းလိမ်လည်မှုများနှင့် အခြားတရားမဝင် လုပ်ငန်းလုပ်ဆောင်သူများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူများ သိရှိနိုင်ရေး သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁-၂၀၂၄)
- ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁,၀၀၂ ဦး ၊ မ ၃၆ ဦး စုစုပေါင်း ၁,၀၃၈ ဦးကို ဖမ်းဆီးရမိခဲ့။
Add new comment