နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

        မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍လည်းကောင်း၊ Digital နည်းပညာအသုံးပြု၍လည်းကောင်း ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသည့် ကွန်ပျူတာနည်းပညာပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနေနိုင်ပြီဆိုသည်ကို သတိပြုမိကြရန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်၊ နောက်ကျမကျန်ရစ်စေရန်၊ ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်စီးပွားရေးဘဝများကို ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အတွက် အခြေခံကျပြီး အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး Unique ID (UID) တစ်ခုစီနှင့် မှတ်ပုံတင်ထားရှိရေး e-ID စနစ်ကို ကူးပြောင်းနိုင်ရေးအတွက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင်လည်း Computer-Assisted Personal Interviewing(CAPI)စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း။
  • ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံအတွင်း ကျေးလက်ဒေသများပါမကျန် နေရာဒေသမရွေး အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက်ထားရှိပြီးဖြစ်ကြောင်း။
  • ဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကျက်လာနိုင်သည်နှင့်အမျှ Facebook၊ Youtube ၊ Telegram စသည့် ဆိုရှယ်မီဒီယာများကို အသုံးပြုကြသည့်နေရာတွင် စနစ်တကျ အကျိုးရှိရှိအသုံးချနိုင်ရန်အရေးကြီးပါကြောင်း။
  • မိမိတို့၏ အသုံးပြုမှုသည် အခြားသူကို ထိခိုက်နစ်နာမှုများမဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံတော်၏ အမျိုးသားစရိုက်လက္ခဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
  • မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေဖြင့် ပြည်သူများ၏ သတင်းနည်းပညာလုံခြုံစိတ်ချရမှုကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ထိန်းသိမ်းနိုင်ရန်အတွက် အဆင့်ဆင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူကို အသိပညာများပေးခြင်းနှင့် လိုအပ်သည့်ဥပဒေများ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များတွင်လည်း သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
  • ယနေ့အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် ဒစ်ဂျစ်တယ်မြန်မာသို့ (Towards Digital Myanmar)” ဆောင်ပုဒ်နှင့်အညီ ဒစ်ဂျစ်တယ်မြန်မာဖြစ်ပေါ်လာစေရေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအားလုံးတွင် ဒစ်ဂျစ်တယ် နည်းပညာကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင်စေရန် အရှိန်အဟုန် မြှင့်တင်ကြိုးစားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများ၊ အိုင်စီတီနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁-၂၀၂၄)

 

  • ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင်လည်း Computer-Assisted Personal Interviewing (CAPI) စနစ်ကို ကျင့်သုံးသွားမည်ဖြစ်။
  • ဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကျက်လာနိုင်သည်နှင့်အမျှ Facebook Youtube Telegram စသည့် ဆိုရှယ်မီဒီယာများကို အသုံးပြုကြသည့်နေရာတွင် စနစ်တကျ အကျိုးရှိရှိအသုံးချနိုင်ရန်အရေးကြီး။
  • မိမိတို့၏ ဆိုရှယ်မီဒီယာအသုံးပြုမှုသည် အခြားသူကို ထိခိုက်နစ်နာမှုများမဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံတော်၏ အမျိုးသားစရိုက်လက္ခဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်။

Add new comment